ထိုရုပ်ရှင်ပွဲတော်တွင် ဇာတ်ကား ၁၃ ကားကို ပွဲစဉ် ၃ ခု ခွဲကာ၊ နိုဝင်ဘာ ၂၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ည ၉ နာရီထိ သီရိခေမာရပ်ကွက်၊ သာသနာ ၂၅၀၀ စေတီ၊ ဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပမည် ဖြစ်သည်။
ပွဲတော်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းစီစဉ်သည့် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ဒီလိုရုပ်ရှင်ပွဲတော်မျိုးက ရေးမှာ ပထမဆုံး ပြုလုပ်တာ ဖြစ်ပါတယ်။ အချိန် ၃ ပိုင်းခွဲပြီး ပြသသွားမှာပါ၊ အသိပညာတွေ ရရှိသွားမယ်လို့ ယုံကြည်ပါတယ်။ အားလုံးကို လာရောက် ကြည့်ရှုစေချင်ပါတယ်”ဟု ပြောသည်။
ပွဲစဉ် (၁)ကို မွန်းလွဲ ၁ နာရီမှစ၍ ဇာတ်ကား ၅ ကားကိုလည်းကောင်း၊ ပွဲစဉ် (၂)ကို ညနေ ၄ နာရီမှ စ၍ ဇာတ်ကား ၈ ကားကို လည်းကောင်း၊ ပွဲစဉ် (၃)ကို ည ရ နာရီမှ စကာ ဇာတ်ကား ၄ ကားကို လည်းကောင်း ပြသသွားမည်ဖြစ်ပြီး၊ မတ် ၁၃ ဆုရ Animation ရုပ်ရှင် Wanna Go to School နှင့် ဟံသာဝတီ ဦးဝင်းတင်ဆု၊ မင်းကိုနိုင်ဆုရ A Buffalo Boy ဇာတ်လမ်းတိုကို ပွဲစဉ် ၃ ခုလုံးတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲစီစဉ်သူ ဒါရိုက်တာ မင်းသန်းဦးက “ကလေးသူငယ် ပညာပေးကား၊ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်တာတွေ၊ အလုပ်သမားနဲ့ လယ်သမားအခွင့်အရေးဆိုင်ရာ ဇာတ်ကားတွေကို ပြသပေးသွားမှာပါ”ဟု ပြောသည်။
ပြသမည့် ရုပ်ရှင် ၁၃ ကားတွင် ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဟံသာဝတီ ဦးဝင်းတင်ဆု၊ မတ် ၁၃ ဆု၊ Peter Wintonick ဆုရ မြန်မာနှင့် နိုင်ငံတကာမှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းတိုများနှင့် Animation ရုပ်ရှင်များ ပါဝင်မည်ဟု သိရသည်။
ပြသမည့် ရုပ်ရှင်ဇာတ်ကားများအနက် “နိဒါန်း” အမည်ရှိ ဇာတ်ကားသည် ရေးမြို့နယ် အနောက်ဘက် ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင် ထိုယိုထိုင်းကုမ္ပဏီက တည်ဆောက်ရန် စိုင်းပြင်းနေသည့် အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုပတ်ဝန်းကျင် ထိခိုက်မှုကို ရေးမြို့နယ်သား ဒါရိုက်တာ မင်းသန်းဦးက ပုံဖော်ရိုက်ကူးထားသည့် ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဆုရ မှတ်တမ်းရုပ်ရှင် ဖြစ်သည်။
အံဒင်လူငယ်တစ်ဦး ဖြစ်သည့် မိစန္ဒာအေးက “ဒီလို ကိုယ့်ဒေသမှာ ဖြစ်ပျက်နေတာ၊ ဒေသခံတွေ ဘယ်လောက်ထိ အလိမ်ခံနေရသလဲဆိုတာ ပြည်တွင်းမှာရော ပြည်ပကပါ သိအောင် ပြသပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်၏ ပထမအကြိမ် မွန်ပြည်နယ် ခရီးစဉ်တွင် မော်လမြိုင်မြို့၌လည်းကောင်း၊ ဒုတိယအကြိမ်တွင် ပေါင်မြို့၌လည်းကောင်းကျင်းပခဲ့ပြီး ဖြစ်သည်။
ပြသသည့် ဇာတ်ကားအများစုမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဦးစီးသည့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံ ကျောင်းဆင်းမှ ဒါရိုက်တာများ၏ ဇာတ်ကားများ ဖြစ်သည်။







