နိုဝင်ဘာ ၈ ရက်နေ့က ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီးဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်လောင်းများ စာရင်းကိုလည်း ပြည်ထောင်စုရွေးကော်မရှင်က ကြေညာပေးပြီးပြီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲ ကုန်ကျစရိတ် များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ တင်ပြရမည်ဖြစ်သည်။
မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲ အရာရှိ ဦးဟိဏ်းလင်းထက်က “ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့ တစ်ဦးပဲ တင်ပြလာသေးတယ်။ ဒီနေ့ပဲ လာတင်သွားတယ်။ ကျွန်တော်တို့လည်း ဘယ်နေ့ နောက်ဆုံး တင်ရမယ့် ဘယ်လို တင်ရမယ်ဆိုတဲ့ ဖောင်တွေကို ဖြန့်ဝေ ထားသလို ရုံးတွေမှာလည်း ကြေညာထားတယ်။ မတင်လို့တော့ မရဘူး မတင်ရင် အရေးယူခံရမယ် ဒါကိုတော့ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်အားလုံး သိရှိထားပြီးသာဖြစ်ပါတယ်”ဟု ပြောသည်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်အား လာရောက်တင်ပြထားသူမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးခွန်စိန်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၁၈ ပါတီနှင့် တစ်သီးပုဂ္ဂလများအပါအဝင် ကိုယ်စားလှယ် လောင်း ၂၇၉ ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့ကြောင့် အဆိုပါ ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းများအား ကြေညာပြီးသည့်နောက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို မဖြစ်မနေ တင်ပြရမည်ဖြစ်သည်။
ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ရ၄ တွင် ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း(၁၀၀)ထက် ပို၍ သုံးစွဲခြင်းမပြုရ ဟု ပြဌာန်းထားသည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း(သို့)ရွေးကောက်ပွဲ ကိုယ်စားလှယ်သည် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများကို ကူညီရန် ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦး၊ မဲရုံအသီးသီးအတွက် မဲရုံ ကိုယ်စားလှယ်/အကူ ကိုယ် စားလှယ်၊ စာရေး၊မဲဆော်သြသူနှင့်ရုံးအကူတစ်ဦးစီတို့အပြင် မဲရုံတစ်ရုံ၌ မဲစာရှင်းရှိ မဲဆန္ဒရှင်ဦးရေ၃၀၀ ထက် ပိုလျှင် နောက်ထပ်စာရေး၊ မဲဆော်သြသူနှင့် ရုံးအကူ တစ်ဦးစီမှ အပ အခြားကိစ္စရပ်များအတွက် အခကြေးငွေဖြင့် မည်သူ့ကိုမျှ ခန့်အပ်ခြင်းမပြုရပေ။
ယင်းနောက် ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုယ်တိုင်/ ရွေးကောက်ပွဲ ကိုယ်စားလှယ် က ပေးချေနိုင်သည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း(၆၀)အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း/ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့က နေပြည်တော် ကော်မရှင်၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း/ဒေသကော်မရှင်အဖွဲ့ခွဲ/ခရိုင်ကော်မရှင်အဖွဲဲ့ခွဲထံ တင်သွင်းရမည်။
ထိုသို့ တင်သွင်းသည့်အခါမှာလည်း မြို့နယ် တရားသူကြီး အဆင့်ထက် မနိမ့်သော တရားသူကြီး တစ်ဦးဦး ရှေ့မှောက်၌ ပြု လုပ်သော ကျမ်းကျိန်လွှာကို ပူးတွဲ တင်သွင်းရမည်ဟု ပြဌာန်းထားသည်။
တဖက်တွင်လည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် လောင်းတို့သည် မှတ်ပုံတင်ကြေး ငွေကျပ်သုံးသိန်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များ ထံသို့ တင်သွင်းခဲ့ကြရာ ခိုင်လုံသော ဆန္ဒမဲရှစ်ပုံတစ်ပုံ နှင့် အထက်ရရှိသော ကိုယ်စားလှယ်လောင်း ၁၁၅ ဦး ပြန်လည်ထုတ်ယူခွင့်ရှိခဲ့သည်ဟု ပြည်နယ်ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
caption-မဲရုံတစ်ခုအတွင်း မဲစာရင်းထုတ်ပေးနေစဉ်(IMNA)







