ခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင် မည်ဟု SSPP/SSA ကြေညာ

ခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင် မည်ဟု SSPP/SSA ကြေညာ
SSPP/SSA တပ်ဖွဲ့(SSPP/SSA)
SSPP/SSA တပ်ဖွဲ့(SSPP/SSA)
ရှမ်းပြည်နယ်ဘက်တွင် အစိုးရတပ်မတော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)အား ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းနှင့်ပတ်သက်ပြီး SSPP/SSA အနေဖြင့် ကာကွယ်သော ခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အစိုးရတပ်မတော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ ဌာနချုပ် ဝမ့်ဟိုင်အနီး နှင့် တာဆမ်ဖူးကူးတို့ဆိပ်ဂွင် တို့တွင် အောက်တိုဘာ ၆ ရက်မှ စတင်ကာ ၁၈ ရက်နေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို စစ်ရေးအရ ဖိအားပေးနေတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မိမိကိုယ်ကို ကာကွယ်တဲ့ ခုခံစစ်ကလွဲရင် ဘယ်တော့မှ ထိုးစစ်ဆင် တိုက်ခိုက်မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့ ဌာနချုပ်အတွက် အရေးပါတဲ့ နေရာတစ်ခုကို သူတို့ တိုက်ခိုက်လာတယ်။ ဒါကို နောက်ဆုတ်ပေးခဲ့တယ်။ တော်သင့်ပြီးလို့ ထင်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးဆွေးနွေး ပွဲနဲ့ဘဲ ဖြေရှင်းနိုင်မှာပါ” ဟု SSPP/SSA မှ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး SSPP/SSA ၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာ့တပ်မတော်စစ်ကြောင်းများ ၏ စစ်ရေးအရ နိုင်ထက်စီးနင်းထိုးဖောက်တိုက်ခိုက်လာသည့် မတရားမှုများကို တရားသော မိမိကိုယ်ကို ကာကွယ်သော ခုခံစစ်အား မလွှဲမရှောင်နိုင်သော အနေအထားမှ SSPP/SSA တပ်မှူး တပ်သားများသည် တိုက်ပွဲ ဝင်နေရခြင်းဖြစ်ပါပြီး စစ်မက်၍ အကြမ်းဖက်လိုသော ဆန္ဒ လုံးဝ (လုံးဝ) မရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် SSPP/SSA ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဂုဏ်သိက္ခာရှိရှိ ဆက်လက်ပါဝင်သွားနိုင်ရေး စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)အား အချိန်နှင့်တပြေးညီ ဆက်လက်တင်ပြညှိနှိုင်းသွားမည်ဖြစ်ပြီး အခြား တဖက်တွင် SSPP/SSA ၏ တပ်မှူး တပ်သားများသည် မြန်မာ့တပ်မတော် စစ်ကြောင်းများ၏ မတရားသော နိုင်ထက်စီးနင်းထိုးဖောက်တိုက်ခိုင်မှုများကို မိမိကိုယ်ကို ကာကွယ်သော ခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း SSPP/SSA က ဆိုသည်။

အစိုးရတပ်မတော်သည် SSPP/SSA ၏ ဌာနချုပ်အတွက် အဓိက အရေးပါသော စခန်းတစ်ခုဖြစ်သည့် တာဆမ်ဖူးကူးတို့ဆိပ်ဂွင်ကို တိုက်ခိုက်ကာ သိမ်းပိုက်ထားပြီးဖြစ်သည်။

အစိုးရ တပ်မတော် နှင့် SSPP/SSA တို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲများကြောင့်လည်း မိုင်းရှုးမြို့နယ်မှ ဒေသခံ များ တစ်ထောင်ကျော်သည် စစ်ရှောင်ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း ရှမ်းလူငယ်ကွန်ရက်(TYN)မှ သိရသည်။

SSPP/SSA သည်  အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးခဲ့သည့် အဖွဲ့ (၇)ဖွဲ့တည်းမှ တစ်ဖွဲ့ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA ကို လက်မှတ် မရေးထိုးရသေးသော ကျန်အဖွဲ့အစည်းများ နှင့် တပ်မတော်အကြား တိုက်ပွဲများ မဖြစ်ပေါ်စေရန် အစိုးရမှ သဘောထား ကြီးမားစွာ ထားပြီး ဆက်လက် ညှိနှိုင်းဆွေးနွေးသွားကြပါရန်လည်း SSPP/SSA ကြေညာချက်တွင် တောင်းဆိုထားသည်။

ထို့အပြင် SSPP/SSA သည် NCA ရေးဆွဲရာတွင် ပူးပေါင်း ပါဝင်ရေးဆွဲလာသည့် အဖွဲ့အစည်းဖြစ်သည့် အလျောက် SSPP/SSA နှင့်အစိုးရ တပ်မတော် စစ်တပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲများအား သဘောထားကြီးမားစွာ ထားပြီး အစိုးရမှ ရပ်တန့်ပေးပါရန် နှင့် အပြန်အလှန်ဆွေးနွေးသွားကြပါရန် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က အစိုးရသို့ တောင်းဆိုပြောကြားလိုက်သည်။

ယင်းနောက် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့(UNA) တို့ကလည်း အစိုးရတပ်မတော် အနေဖြင့် လက်မှတ်မရေးထိုးနိုင်သေးသော လက်နက်ကိုင် အဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားရန် တောင်းဆိုထားကြသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...