မရမ်းချောင်းကျေးရွာနှင့် ကင်းမွန်ချောင်းစခန်းတွင် ရေကြီးသော်လည်း စိုးရိမ်စရာမရှိ

မရမ်းချောင်းကျေးရွာနှင့် ကင်းမွန်ချောင်းစခန်းတွင် ရေကြီးသော်လည်း စိုးရိမ်စရာမရှိ
ကင်းမွန်ချောင်းစခန်းတွင် ရေကြီးခဲ့မှုအခြေအနေ(Popular News Journal)
ကင်းမွန်ချောင်းစခန်းတွင် ရေကြီးခဲ့မှုအခြေအနေ(Popular News Journal)
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းရှိ မရမ်းချောင်းကျေးရွာ နှင့် ကင်းမွန်ချောင်းစခန်းတွင် အောက်တိုဘာ ၁၀ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ တောင်ချ ချောင်းရေ စီးဆင်းမှုများပြားလာခြင်းကြောင့် ရေကြီးခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး မွန်ပြည်နယ် ဦးစီးမှူးရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် အတွက် မရမ်းချောင်းကျေးရွာ ရန်ကုန်-မော်လမြို ့ကားလမ်း မိုင်တိုင်အမှတ် ၉၆/၄ နှင့် ၉၆/၅ ကြား တံတားအမှတ် ၉၇/၃ လမ်းအရှည် ၂၀၀ ခန့်ပေါ်မှာ ရေအမြင့်ပေ ၁ ပေခန့် ရေလျှံနေသည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး မွန်ပြည်နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိက ပြောသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သန္တာရွှေက “အစ်မတို့ ဆီကို အခု သတင်းရောက် လာတာကတော့ မရမ်းချောင်းကျေးရွာမှာ ရေ ၁ ပေလောက်ရှိ တယ်လို့ ပြောတယ်၊ ဒါပေမဲ့ ကားတွေလည်း ပုံမှန်အတိုင်းသွားနေတယ်၊ ဒေသခံတွေလည်း ပုံမှန် အတိုင်းပဲ သွားလာလှုပ်ရှားနေတယ်လို့ သတင်းရတယ်။ ဒါကြောင့် စိုးရိမ်စရာတော့မရှိဘူး”ဟု ပြောသည်။

ထို့အတူ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားသို့ သွားသည့် ကင်းမွန်ချောင်းစခန်းတွင်လည်း နံနက် ၁၀ နာရီခန့်က မိုးရွာသွန်းမှုများသည့်အတွက် တောင်ကျချောင်းရေ စီးဆင်းလာမှုများပြားခဲ့ပြီး ကင်းမွန်ချောင်း စခန်းတွင် ရေကြီး ရေလျှံမှုများရှိလာခဲ့သည်။

သို့သော် ညနေ ၄ နာရီခန့်တွင် ရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် မော်တော်ကားများ၊ ဒေသခံများလည်း ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေပြီး စိုးရိမ်စရာမရှိဟု ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး သထုံခရိုင်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစည်သူစိုးကပြောသည်။

ဦးစည်သူစိုးက “ဘာမှတော့ စိုးရိမ်စရာမရှိပါဘူး။ ဒီနေ့ ညနေ ၄ နာရီလောက်က ရေပြန်ကျသွားပြီး မနက် ၁၀ နာရီလောက်ကတော့ မိုးရွာတာ များတော့ ရေကြီးတာပေါ့။ အခု ကင်းမွန်ချောင်းစခန်းမှာ ပုံမှန်အတိုင်းသွားလာ လှုပ်ရှား နေပါပြီး။ မရမ်းချောင်းကျေးရွာမှာ လည်း စိုးရိမ်စရာမရှိပါဘူး။ အားလုံး အဆင်ပြေပါတယ်”ဟု ပြောသည်။

အလားတူ အောက်တိုဘာ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း မိုးရွာသွန်းမှု များပြား သည့်အတွက် ကျောက်မဲမြို့နယ်မှာလည်း ရေကြီး ရေလျှံမှုများ ဖြစ်ပွားလျှက်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့နယ် မှာလည်း ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် လများအတွင်းက မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရွာသွန်းမှု များပြားရာမှ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဒေသများ သည် ရေဘေးဒုက္ခသည်များ အဖြစ်ရောက်ရှိခဲ့ကြကြောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့သည်လည်း ပျက်စီး ဆုံးရှုံးခဲ့ရပြီး ယနေ့အချိန်အထိ မြို့သစ်တည်ရန်အတွက် မြေအနေအထားများကို ရှာဖွေ၍ မရသေး ကြောင်းသိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...