NCA လက်မှတ်ရေးထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်

NCA လက်မှတ်ရေးထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်
 ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ဟောပြောပွဲ(Facebook)
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ဟောပြောပွဲ(Facebook)
လာမည့်အောက်တိုဘာ (၁၅)ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် မြန်မာအစိုးရ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သွားမည်မဟုတ်ကြောင်း အောက်တိုဘာ ၁၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အတည်ပြုပြောကြားလိုက်သည်။

“ကျွန်တော်တို့ အဖွဲ့ချုပ်ကတော့ ကိုယ်စားလှယ်ပဲ စေလွှတ်မယ်။ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်ကတော့ မတက်ဘူး၊ ဘာကြောင့် မတက်ရသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မပြောပြနိုင်ပါ ဘူး”ဟု အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ပြည်တွင်း အသိသက်သေအဖြစ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦး၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) ခေါင်းဆောင် ဦးအေးသာအောင်၊ ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့မှ ဦးမင်းကိုနိုင် တို့အပြင် နိုင်ငံရေးပါတီ ၉၂ ပါတီမှ ဥက္ကဌ တစ်ဦးစီ၊ အရပ်ဖက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ စသည်တို့ကို ဖိတ်ကြားသွားရန် လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်အစိုးရတို့ကြား သဘောတူညီမှုရယူထားသည်။

NCA လက်မှတ်ရေးထိုးပွဲသို့ မတက်ရောက်ရခြင်း၏ အကြောင်းအရာကို အသေးစိတ်မပြောပြနိုင် သော်လည်း အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့် မဲဆွယ်စည်းရုံးရေးခရီးစဉ် နှင့် တိုက်ဆိုင်နေခြင်းကြောင့်လည်း ပါဝင်သည်ဟု ဦးဝင်းထိန်က ဆက်ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တွင် အားလုံးပါဝင် လက်မှတ်ရေးထိုးခွင့်မပြုသည့်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း အသိသက်သေအဖြစ်ပါဝင် လက်မှတ်ရေးထိုးရန် ဖိတ်ကြားလာပါက တက်ရောက်သွားမည်မဟုတ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားထားပြီး ဖြစ် သည်။

ထို့အတူ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)မှ ခေါင်းဆောင် ဦးအေးသာအောင်ကလည်း အသိသက်သေအဖြစ် တက်ရောက်သင့်မသင့် UNA အဖွဲ့ဝင်များနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်သွားမည်ဟု အောက်တိုဘာ ၉ ရက်နေ့က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောခဲ့သည်။

သို့ရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲသို့ မတက်ရောက်ဘူး ဟု ပြောဆိုသံများ ထွက်ပေါ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်း၊ ပြည်ပ အသိသက်သေများ NCA လက် မှတ်ရေးထိုးပွဲသို့ တက်ရောက် နိုင်ခြင်း ရှိ/မရှိကို အောက်တိုဘာ ၁၂ ရက်နေ့၌ တိတိကျကျသိရှိရမည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုး သား တပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) စသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ နေပြည်တော်ရှိ (MICC-2)၌ လက်မှတ်ရေးထိုးပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...