မော်လမြိုင်ဆိပ်ကမ်း ရေလမ်းကြောင်းတွင် သဲသောင်စုပ်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဟု ဆို

မော်လမြိုင်ဆိပ်ကမ်း ရေလမ်းကြောင်းတွင် သဲသောင်စုပ်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဟု ဆို
မွန်ပြည်နယ် မော်လမြိုင်ဆိပ်ကမ်းအာဏာပိုင်ဧရိယာအတွင်းရှိ ရေလမ်းကြောင်းများတွင် သဲသောင် စုပ်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခွင့် ပြုသွားမည်ဟု ပြည်နယ်ဆိပ်ကမ်း တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင်မော်လမြိုင်ဆိပ်ကမ်းရေပိုင်နက်အတွင်း သင်္ဘောရေယာဉ်များကို ရေစူး (၁၅) ပေအနက်သာ သတ်မှတ်သွားလာနိုင်ပြီး ရေစူး(၁၈)ပေအထိ ခွင့်ပြုသွားလာနိုင်ရန်အတွက် သောင်တူးခြင်းလုပ်ငန်းကို ဆက်လုပ်ခွင့်ပြုသွားမည်ဟု သိရသည်။

“ပြည်နယ် အစိုးရကလည်း သဘောတူတယ်။ ဆက်လုပ်ရမဲ့ လမ်းကြောင်းကလည်း ကျန်နေသေး တယ်။ သံလွင်မြစ်ကြီးကလည်း အမြဲတမ်း နုန်းကျနေတယ်။ သူတို့က (၂)နှစ် လျာထားပြီး တူးနေတာ ပေါ့လေ။ ပထမတစ်နှစ် တူးပြီးသွားပြီ။ ကျန်တဲ့နေရာတွေကို ဆက်တူးသွားမယ်”ဟု မော်လမြိုင် ဆိပ်ကမ်းမှ တာဝန်ရှိသူက စနောင်းတိုင်းသို့ အောက်တိုဘာ ရ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

၂၀၁၄ ခုနှစ်၊ မတ်လမှ ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ သဲတန်ချိန် (၂) သန်းကျော် ထုတ်ယူနိုင်ခဲ့ပြီး လက်ရှိတွင် သဲသောင်စုပ်ယာဉ်များ သဲစုပ်ရန်အတွက် မော်လမြိုင်ဆိပ်ကမ်းဧရိယာအတွင်း အဆင်သင့်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“သတ်မှတ်ထားတဲ့ ရေလမ်းကြောင်းဆိုတာ ရှိတယ်။ မြစ်ကြောင်းအကုန်လုံး လျှောက်တူးနေတာ မဟုတ်ဘူး။ သူတို့က အလကားတူးပေးတာ။ သူတို့ရဲ့ ကုန်ကျစရိတ်အတွက် တူးပြီးသားသဲတွေကို စင်္ကာပူကို သယ်သွားတယ်။ အဲဒီမှာ ပြန်ရောင်းချတယ်။ သူတို့ကုမ္ပဏီက နိုင်ငံတော်ကိုလည်း အခွန်ဆောင်တယ်။ သတ္တုတွင်းဝန်ကြီးဌာနကို အခွန်ဆောင်တယ်။ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ သက်ဆိုင်ရာမြို့နယ်တွေကိုလည်း အခွန်ဆောင်ရတယ်” ဟု အထက်ပါအရာရှိက ရှင်းလင်းပြောကြားသွားသည်။

နိုင်ငံတော်မှလည်း သဲသောင်စုပ်ယူမှုကို (၂) နှစ်စီမံကိန်း သဘောတူထားပြီး အကောင်အထည် ဖော်ပြီးသော တစ်နှစ်စီမံကိန်းကိုလည်း အစိုးရမှ လက်ခံသဘောတူညီမှုရရှိထားကာ (၆)လ တစ်ကြိမ် လုပ်ကိုင်ခွင့်လျှောက်ထားရမည်။ လက်ရှိတွင် နောက်ထပ်လုပ်ကိုင်ခွင့် (၆) လစာအတွက် ထပ်မံလျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ဘိလပ်မြေစက်ရုံစီမံကိန်းများ တည်ဆောက်ပြီးစီးပါက မော်လမြိုင်ဆိပ်ကမ်းတွင် ရေယာဉ်အဝင် အထွက်ပိုမိုတိုးတက်များပြားလာမည်ဖြစ်ပြီး ရေလမ်းကြောင်းများ ပိုမိုကောင်းမွန်ရန်လိုအပ် နေသောကြောင့် သဲသောင်စုပ်ကုမ္ပဏီကို ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် အစိုးရမှ လိုလားလျက်ရှိနေသည်။

စင်ကာပူနိုင်ငံအခြေစိုက် Starhigh Asia Pacific Pte,Ltd. ကုမ္ပဏီသည် သံလွင်မြစ်ကြီး တိမ်ကောနေ သည့်အတွက် မြစ်ကြောင်းရှင်းလင်းပေးရန် အဆိုပြုချက်နှင့် သက်ဆိုင်ရာရေကြောင်းဌာနကို တင်ပြခဲ့ရာ သတ္တုတွင်း ဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရေကြောင်း အာဏာပိုင်နှင့် မွန်ပြည်နယ်အစိုးရတို့၏ သဘောတူညီချက်ကို ရယူကာ နိုင်ငံတော်သို့ သတ္တုအခွန် ပေးသွင်းပြီး သတ်မှတ်ထားသောသဲတူးခများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးသွင်းပြီး သဲများကို စုပ်ယူခဲ့ကြောင်း သိရသည်။

သို့ရာတွင် ပြည်နယ်လွှတ်တော်ကလည်း သဲသောင်တူးခြင်းလုပ်ငန်းသည် သယံဇာတများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုရှိကြောင်း ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကို တင်ပြထားသော်လည်း ဌာနဆိုင်ရာအသီးသီးတို့မှ အကျိုးကြောင်းဆက်စပ်မှု မခိုင်လုံသော အကြောင်းပြချက်ဖြင့် သဲသောင်တူးခြင်းကို ဆက်လက်လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ကပြောသည်။

“တင်ပို့ရောင်းချတဲ့ သဲထဲမှာ အခြားတန်ဖိုးကြီး သတ္တုတွေ မပါဘူးလို့ တထစ်ချပြောနိုင်မလားဆိုတာ ဒီအချိန်မှာ ကျွန်တော်တိုအနေနဲ့ မေးခွန်းထုတ်စဉ်းစားဖို့ လိုပြီ”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

နွေရာသီတွင် သဲသောင်စုပ်သင်္ဘောများက ချောင်းဆုံမြို့နယ်ရှိ ဟင်္သာကျွန်းအနီးနားအထိ လာရောက်စုပ်ယူကြပြီး ကျွန်းအောက်ခြေမြေသားများလည်း ပျက်ဆီးသွားပါသည်။ မိုးရာသီတွင် သံလွင်မြစ်ရေနှင့်အတူ ရေလမ်းကြောင်း ပြောင်းလဲဖြစ်ပေါ် မှုကြောင့် ဟင်္သာကျွန်းတွင် ကမ်းပါးတိုက်စားခြင်း ဆားငန်ရေလွမ်းခြင်း နုန်းမြေများ တင်ခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သမားများက ယုံကြည်နေကြသည်။

သဲသောင်စုပ်သည့် ကုမ္ပဏီမှ သဲသောင်စုပ်သင်္ဘောက (၄) စင်းနှင့် သဲတင်ဆောင်သည့်သင်္ဘာ (၂၀) စီးခန့်ရှိကြောင်း မျက်မြင်သက်သေ ဟင်္သာကျွန်းမှ လယ်သမားများက ဆိုသည်။

“မနှစ်ကတော့ ပေါ်ပေါ်တင်တင်ပဲ လာစုပ်တာ၊ စုပ်တာကတော့ ကျွန်တော်တို့(ကျွန်း)ရဲ့ ထိပ်မှာပဲ”ဟု ဟင်္သာကျွန်းမှ လယ်သမားတစ်ဦးက ပြောသည်။

ဒေသခံလယ်သမားများက ၎င်းတို့၏ ဆုံးရှုံးမှုအတွက် ကုမ္ပဏီကို အကူအညီတောင်းခံရာတွင် တာတမံတည်ဆောက်ရန်နှင့် ချောင်းပိတ်လုပ်ငန်းများ လုပ်ဆောင်ရန် ငွေကျပ် (၁၅) သိန်းနှင့် သဲမြေသင်္ဘောတစ်စီးစာတို့ကို ပေးခဲ့သည်။

ပြီးခဲ့သည့် နွေရာသီတွင် နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် မြေသားတမံတည်ဆောက်ပေးခဲ့သော်လည်း တာတမံမှာ စံချိန်စံညွန်း မပြည့်မီသေးကြောင်း ယခုနှစ်တွင် စိုက်ပျိုးနိုင်သည့် ဧရိယာမှာ ဧက (၅၀၀) ခန့်ရှိခဲ့ကြောင်း၊ ဧက (၁၀၀) ခန့်မှာ နုန်းများတင်နေခြင်းနှင့် ချောင်းကောပုံစံ အိုင်ထွန်းနေခြင်းကြောင်း မစိုက်ပျိုးနိုင်သေးကြောင်း ဒေသခံလယ်သမားများက ဆိုသည်။

ဟင်္သာကျွန်းတွင် တာတမံတည်ဆောက်ရေးနှင့်ပက်သက်ပြီး မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ နောက်နှစ်လလောက်တွင် ထပ်မံလုပ်ဆောင်ပေးမည်ဟု ဝန်ကြီးဦးမျိုးညွန့်က စက်တင်ဘာ (၆) ရက်နေ့တွင် စနောင်းတိုင်းသို့ ပြောသည်။

မော်လမြိုင်ဆိပ်ကမ်းသို့ ရေယာင်ဝင်ထွက်မှု နှစ်စဉ်တိုးတက်လျက်ရှိပြီး (၂၀၁၄) ခုနှစ်တွင် ရေယာင်အဝင် (၃၃၂) စင်းနှင့် အထွက်ရေယာဉ် (၂၉၆) စင်းရှိကြောင်း ယခုနှစ် စက်တင်ဘာလအထိ ပြည်တွင်းကမ်းရိုးတန်း အဝင်ရေယာဉ် (၂၇၀) စင်းနှင့် အထွက်ရေယာဉ် (၂၈၆) စင်းရှိပြီး နိုင်ငံခြား ရေယာဉ် အဝင် (၃၇) စင်းနှင့် အထွက် (၄၁) စင်း ရှိခဲ့ကြောင်း လက်ရှိတွင် သဲစုပ်လုပ်ငန်းကို ခေတ္တ ရပ်နားထားသောကြောင့် စက်တင်ဘာလ တွင် နိုင်ငံခြားသင်္ဘော ဝင်ထွက်မှုမရှိကြောင်း မြန်မာ့ဆိပ်ကမ်း  အာဏာပိုင်စာရင်းများအရ သိရသည်။

Photo Caption- သဲတင်သင်္ဘောတစ်စီး မော်လမြိုင်ဆိပ်ကမ်း၌ တွေ့မြင်ရပုံ(GS)

Most read this week

Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...