“နှစ်ဖက် သဘောတူညီချက်အရ ကျွန်တော်တို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးသွားမယ်။ ဒီနေ့ကတော့ လက်မှတ်ထိုးမယ့် ရက်ကို ညှိနှိုင်းနိုင်ခဲ့တယ်။ လောလောဆယ်တော့ ရ ဖွဲ့က လက်မှတ်ထိုးဖို့ ချင်းမိုင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်။ ကျန်တဲ့ အဖွဲ့တွေ့ကတော့ မထိုးသေးဘူးဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ဘယ်သူတွေထိုးမလဲလို့ အစိုးရ က ဒီနေ့ မဆွေးနွေးခဲ့ဘူး မထိုးဖူးလို့ ဆုံးဖြတ်ခဲ့တဲ့ အဖွဲ့တွေ ထပ်ပါလာလို့ ရအောင် တမင် လမ်းဖွင့်ပေးထား ခြင်းဖြစ်ပါတယ်”ဟု မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) မှ ဦးလှမောင်ရွှေက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည်။
“NCA ကို လောလောဆယ်တော့ အဖွဲ့ ရ ဖွဲ့ပဲ ထိုးမယ်။ ကျန်တဲ့ အဖွဲ့တွေကတော့ မထိုးသေးဘူး။ အားလုံးပါဝင်လာနိုင်အောင် ညှိနှိုင်းမှုတွေလုပ်အုံးမယ်။ မထိုးဘူးလို့ ဘယ်သူမှ မပြောဘူး။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးမူဘောင်ကိစ္စတွေမှာ သူတို့ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွား မယ်ဆိုပြီးတော့ နားလည်မှု တည်ဆောက်ထားကြတယ်။ ကျွန်တော်တို့ လက်မှတ်ထိုးမယ့် အဖွဲ့တွေ ကလည်း သူတို့ကို ပါဝင်ခွင့်ရအောင် လက်တွဲခေါ်သွားမယ်”ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးမည့် ရက်သတ်မှတ်ရေး အကြို ညှိနှိုင်းအစည်းအဝေးသို့ လက်မှတ်ထိုးရန် ဆုံးဖြတ်ထားပြီဖြစ်သည့် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရဖွဲ့နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်တို့မှ တက်ရောက်ခဲ့ကြသည်။
caption-NCA ရက်သတ်မှတ်ရေး အကြိုညှိနှိုင်းအစည်းအဝေး(MPC)







