တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)နှင့် ပြည်ထောင်စုဝန်ကြီးများအပါအဝင်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အရာရှိကြီးများ စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို ့၊ မြန်မာငြိမ်းချမ်းရေး စင်တာ MPC တွင် တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးမည့် ရက်သတ်မှတ်ရေး အကြိုညှိနှိုင်းအစည်းအဝေးတွင် မြန်မာအစိုးရဘက်မှ အထက်ပါအတိုင်း ကတိပြုခဲ့ခြင်းဖြစ်သည်။
“အားလုံး စိတ်ဝင်းစားနေတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ မတရားအသင်းကြေညာထားခြင်း နဲ့ ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးပွဲမှာ အစိုးရဘက်က NCA လက်မှတ် မရေးထိုးမီ ၂ ရက် သို့မဟုတ် ၃ ရက်လောက် အလိုမှာ ပယ် ဖျက်ပေးသွားမည်ဆိုပြီးတော့ ကတိပြုပြောကြားခဲ့တယ်”ဟု MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လာမည့်အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်းစင်တာ MICC-2 ၌ လက်မှတ်ရေးထိုးပွဲကို ကျင်းပသွားမည်ဖြစ်သည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန် အစိုးရ ဖိတ်ခေါ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၅)ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီ မိုကရေစီအကျိုးပြု ကရင်တပ်မတော် DKB ၊ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF စသည့် အဖွဲ့ ရ ဖွဲ့သာ ပဏာမ လက်မှတ်ရေးထိုးသွားရန် ဆုံးဖြတ်ထားကြသည်။
အစိုးရ ဖိတ်ခေါ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ မိုင်းလား(NDAA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကပ်ပလန်(NSCN-K)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စသည့် အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ်ကို သဘောတူညီထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်နိုင်ခြင်း မရှိသေးသဖြင့် လက်မှတ်မရေးထိုးနိုင်သေးကြောင်း ဆုံးဖြတ်ထားသည်။
ဦးလှမောင်ရွှေက “အရင်ကတော့ လက်မှတ်ထိုးပြီးမှ ဖြုတ်ပေးဖို့ လုပ်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အစိုးရက လက်မှတ်မထိုးမီမှာပဲ မတရားအသင်းကြေညာထားတာကို ပယ်ဖျက်ပေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈)က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရင်း ပြောကြားခဲ့ပါတယ်”ဟု ဆိုသည်။
အစိုးရအား ဆန့်ကျင်တော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို မတရားအသင်းဟု သတ်မှတ်ထားခြင်းဖြစ်သဖြင့် ၎င်းအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သူ၊ အဆက်အသွယ်ရှိသူများကို ဖမ်းဆီးအရေးယူနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်သည်။
“မတရားအသင်းဥပဒေ”ကို မြန်မာနိုင်ငံ ဗြိတိသျှအင်္ဂလိပ်လက်အောက်ရောက်ရှိနေစဉ် လွန်ခဲ့သောအနှစ် ၁၀၀ ကျော် ၁၉၀၈ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး မြန်မာအစိုးရအဆက်ဆက်က ခေတ်နှင့်လျော်ညီစွာ ပြုပြင်ခဲ့ခြင်းမရှိဘဲ ယနေ့တိုင် ကျင့်သုံးနေဆဲ ဖြစ်သည်။
Caption-MPC သတင်းစာရှင်းလင်းပွဲ(MPC)







