ဘုရားသုံးဆူမြို့အနီး အဓမ္မပြုကျင့်ခံရသူမွန်တိုင်းရင်းသူအမှု သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ခြင်းမရှိ

ဘုရားသုံးဆူမြို့အနီး အဓမ္မပြုကျင့်ခံရသူမွန်တိုင်းရင်းသူအမှု သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ခြင်းမရှိ
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာရှိ နိုင်ကျော်ညွန့်အုတ်ဖို၌ စက်တင်ဘာလ ၂၉ ရက်နေ့၊ ညသန်းခေါင်းကျော်အချိန်ခန့်တွင် အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိဟု ကာယကံရှင်များထံမှ သိရသည်။

အဆိုပါ အုတ်ဖို၌ မိသားစုဝင်ဖြင့်နေထိုင်သူ မွန်တိုင်းရင်းသူ ခလေးနှစ်ယောက်မိခင် မ(___)အား အမည်မသိလူတစ်ဦးက လက်နက်ဖြင့် ခြိမ်းခြောက်ကာ မုဒိန်းပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု အုတ်ဖိုပိုင်ရှင် နိုင်ကျော်ညွှန့်က ပြောသည်။

နိုင်ကျော်ညွန့်က “ရဲစခန်းကို အမှုသွားဖွင့်တယ်။ ရဲကနေပြီး တပ်ရင်း(စစ်တပ်)ကို သွားခိုင်းတယ်။ နောက်တော့ ရွာဥက္ကဌ၊ မ.ယ.က အစိုးရဘက်ကိုတော့ အားလုံး တိုင်ကြားထားပါတယ်။ အရေးယူခြင်း မရှိခဲ့လို့ အခု ကျနော်တို့ မွန်ပြည်သစ်ပါတီဘက်ကို သွားပြီး တိုင်ကြားထားပါတယ်”ဟု ပြောသည်။

အခင်းဖြစ်ပွားခဲ့သော အဆိုပါအုတ်ဖိုသည် ရွာသစ်ရွာနှင့် တစ်မိုင်ခန့်ဝေးကွာသော ဘုရားသုံးဆူမြို့ ဝင်ထွက် စစ်ဆေးရေးဂိတ်(အမြှောက်တပ်)စခန်းကြားတွင် တည်ရှိသည်ဟု သိရသည်။

“အလုပ်သမားတွေကို ရိုက်နှက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ပိုက်ဆံ ငါးသောင်း တောင်းတယ်။ ပြီးတော့ အုတ်ဖိုတွေကိုလည်း ထုခွဲတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းခလေးရဲဲ့ယောက်ျားကို သေနတ်နဲ့ ပစ်မလိုလုပ်တော့ ထွက်ပြေးခိုင်း လိုက်ရတယ်” ဟု နိုင်ကျော်ညွှန့်က ပြောသည်။

ဗမာစကားပီသစွာ ပြောဆိုသော လက်နက်ကိုင်ဆောင်သူ ၂ ဦး အုတ်ဖိုဝင်းအတွင်းသို့ ဝင်ရောက်လာပြီး အိမ်တံခါးများဖွင့်ပေးမိရာမှ ယင်းဖြစ်ရပ်နှင့်် ကြုံတွေ့ခဲ့ရသည်ဟု အဓ္ဓမပြုကျင့်ခံရသူ အမျိုးသမီးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

သူမက “ကျမယောက်ျားကိုတော့ လက်နက်နဲ့ ရိုက်နှက်ခြိမ်းခြောက် မောင်းထုတ်တယ်။ ယောက်ျားက အနီးအနားမှာရှိတဲ့ စစ်တပ်ဂိတ်ကို အကူအညီသွားတောင်းနေတဲ့အချိန်မှာ တစ်ယောက်က ကျမ ဖုန်းကို ယူပြီး ထွက်ပြေးသွားတယ်။ နောက်တစ်ယောက်ကတော့ ကျမကို သားမယားပြုကျင့်တယ်။ မူးနေတော့ ကျမကို သတ်လိုက်မှာလဲ ကြောက်တယ်။ သူ့မျက်နှာကိုတော့ အဝတ်ဖုံးထားတယ်။ သေနတ်(လက်နက်တို)နဲ့ ချိန်ထားတော့ ကျမလည်း မကြည့်ရဲဘူး”ဟု ဆိုသည်။

သို့ရာတွင် မည်သူမည်ဝါ၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဝင်ဖြစ်သည်ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ သီးခြားအတည်ပြုခြင်း မရှိသေးပေ။

“အဲဒီအုတ်ဖိုဖြစ်စဉ်မဖြစ်ခင်အချိန်လေးမှာ လုံခြုံရေးဂိတ်ဘက်ကနေ သေနတ်သံ ၁၀ ချက်နီးပါး ကြားရတယ်။ နောက်မှ မော်တော်ကား လုယက်တာလို့ ပြောကြတယ်။ ညအချိန် အပြင်လည်း မထွက်ကြည့်ရဲဘူး”ဟု အုတ်ဖိုအနီး နေထိုင်သူ(အမည်မဖော်လို) တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်သတင်းများ Fackbook လူမှုကွန်ယက်အင်တာနက်စာမျက်နှပေါ် ရေးသားဖြန့်ဝေလျှက်ရှိသော “ကြာအင်း ဆိပ်ကြီး” “ Ye Ka” အကောင့်တွင် “စောကျော်စွာနဲ့ စောနီလာတို့ မောင်းနှင်လာသော မစ်ဆူဗစ်ရှိ ၃ခ/၃၇၇၁ ကားအား အမည်မသိသူ လူနှစ်ဦးက ဂိတ်ရှေ့တွင် သေနတ်ထောက်ခြိမ်းခြောက်ကာမောင်းနှင်ခဲ့ပြီး ရွာသစ်ရွာ ဦးအောင်ဇေယျကန်အနီး တိမ်းမှောက်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ပစ္စတိုသေနတ်သမားက ကရင်လေးနှစ်ယောက်အား သေနတ်ပစ်ခတ်သော်လည်း ထိမှန်ခြင်းမရှိဘဲ လွတ်မြောက်သွား”ဟု ဖော်ပြထားသည်။

ယင်းမော်တော်ကားလုယက်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာနှင့် အဓ္ဓမပြုကျင့်မှုဖြစ်ပွားသည့် နေရာတို့သည် သိပ်မဝေးလှသဖြင့် ဆက်စပ်မှုရှိသည်ဟု ဒေသခံများ သုံးသပ်ကြသည်။

ဘုရားသုံးဆူမြို့သည် မွန်၊ ကရင်အများစုဖြစ်ပြီး မြန်မာပြည်ရှိတိုင်းရင်းသားမျိုးစုံ ရောယှက်နေထိုင်သည့် နယ်စပ်မြို့တစ်မြို့ဖြစ်သည်။

ထို့အပြင် အစိုးရဌာနပေါင်းစုံ၊ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ကရင်နယ်ခြားစောင့်တပ် BGF, KNU, DKBA,KNU/KNLA-PC နှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားသောဒေသဖြစ်သည်။

သို့ရာတွင် သီးခြားတရားရုံးမရှိသဖြင့် အမှုအခင်းများစီရင်သည့်အခါ မြို့မှ မိုင် ၆၀ ခန့်ဝေးကွာသော မြို့နယ်ရုံးအခြေစိုက်ရာ ကြာအင်းဆိပ်ကြီးမြို့နယ် တရားရုံးသို့ သွားရောက်ကြရသည်ဟု သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...