ရေးမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျောင်းရွာအုပ်စုတွင် မဲပေးခွင့်ရှိသူ ၆ ထောင်ကျော်ရှိ

ရေးမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျောင်းရွာအုပ်စုတွင် မဲပေးခွင့်ရှိသူ ၆ ထောင်ကျော်ရှိ
လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ ကျောင်းရွာအုပ်စုတွင် အခြေခံမဲပေးပိုင်ခွင့်ရှိသူ ခြောက်ထောင်ကျော်ရှိကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သော ကန်းနီ၊ ဝယ်ဗိုင်၊ ဝယ်ဇင်၊ ဂနီ၊ ပနန်းပိန် စသည့် ကျေးရွာများမှ ဒေသခံများသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိဟုဆိုကာ သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

သို့သော် ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ရေးမြို့နယ် အရှေ့ဖက်ခြမ်း ကျောင်းရွာ အုပ်စုအတွင်း ပါဝင်နေသော အဆိုပါ ကျေးရွာများမှ ဒေသခံများသည် မဲပေးခွင့်ဆုံးရှုံးခြင်းမရှိဘဲ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအား မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

“မဲမပေးရတာမရှိပါဘူး။ကျွန်မတို့ မဲစာရင်းကောက်ထားပါတယ်။သူတို့က ကျောင်းရွာအုပ်စုထဲကလေ။ ဒါကြောင့် ကျောင်းရွာအုပ်စုကနေ မဲပေးရမှာ ဖြစ်ပါတယ်။ ရေးမြို့နယ်ထဲမှာတော့ မဲပေးခွင့်မရှိတဲ့ ကျေးရွာထဲ မရှိပါဘူး။ အကုန်လုံး မဲစာရင်းတွေ ကောက်ထားပါ တယ်”ဟု ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ပြောသည်။

ကန်းနီ၊ ဝယ်ဗိုင်၊ ဝယ်ဇင်၊ ဖလမ်း၊ ဂနီ၊ ပနန်းပိန် ကျေးရွာများသည် ကျောင်းရွာအုပ်စုဖြစ်သည့်အတွက် ကျောင်းရွာအုပ်စုမှ မဲပေးရမည်ဖြစ်ပြီး ကျောင်းရွာအုပ်စုတွင် မဲပေးခွင့်ရှိသူ ကျား ၂၉၄၁ ဦး၊ မ ၃၁၇၇ ဦး စုစုပေါင်း ၆၁၁၈ ဦးရှိသည်ဟု ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ဆိုသည်။

အထက်ပါမဲစာရင်းသည် စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ နောက်ဆုံးထား ကြေညာခဲ့သည့် မဲစာရင်းတွင် ပါဝင်သူများဖြစ်ပြီး နောက်တိုးအနေဖြင့် မဲပေးခွင့်ရှိသူ ၂၀၀ ဦးတိတိ တိုးမြှင့်လာခဲ့သည် ဟုလည်း ရေးမြို့နယ် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ထပ်မံ ပြောကြားလိုက်သည်။

အဆိုပါကျေးရွာများသည် ကျောင်းရွာမှအနည်းဆုံး ၃ မိုင်မှ ၁၂ မိုင်အတွင်းတည်ရှိပြီး ရေးချောင်းဖျား အတိုင်း စက်လှေငယ်(သို့မဟုတ်) ပွင့်လင်းရာသီများတွင် 4W ထရပ်ကားများဖြင့်သာ သွားရောက်နိုင်သည်ဟု သိရသည်။

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် မဲပေးခွင့်ရှိသူ ၁၄ သိန်း နှင့် ရ သောင်းဝန်းကျင်ရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ဆိုသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေး ပါတီများသည် တိုင်းနှင့် ပြည်နယ်အသီးသီး၌ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...