ဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု UPWC ဒုဥက္ကဌ ဦးအောင်မင်းပြော

ဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု UPWC ဒုဥက္ကဌ ဦးအောင်မင်းပြော
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးမူဘောင်ကို ဒီဇင်ဘာလဆန်းပိုင်းတွင် မဖြစ်မနေ အပြီးရေးဆွဲ၍ ဇန်နဝါရီလ၌ နိုင်ငံရေးဆွေးနွေးပွဲ စတင်ပြုလုပ်သွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မူချောအဆင့်အထိအတည်ပြုနိုင်ခဲ့ပြီးဖြစ်သည့် အတွက် NCA လက်မှတ်ရေးထိုးပွဲကို လာမည့်အောက်တိုဘာလတွင် ပြုလုပ်သွားရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အစိုးရတို့ သဘောတူညီမှု ရယူထားပြီးဟု စက်တင်ဘာ ၂၀ ရက်နေ့တွင် အရပ်ဖက်လူမှုအဖွဲ့အစည်း CSO များနှင့် MPC တွင်တွေ့ဆုံစဉ် ဝန်ကြီးဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးအောင်မင်းက “NCA ကို အောက်တိုဘာလ ထဲမှာ လက်မှတ်ထိုးမယ်။ဒီတော့ NCA စာချုပ်မှာ ပါတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရတော့မှာ ဖြစ်တယ်။ မလုပ်လို့မရဘူး။ လုပ်ကို လုပ်ရမှာဖြစ်တဲ့အတွက် နိုင်ငံရေးမူဘောင်ကို ဒီဇင်ဘာလဆန်းပိုင်းမှာ မဖြစ်မနေ အပြီးရေးဆွဲသွား မယ်။ ပြီးရင် ဇန်နဝါရီလထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်အောင် လုပ်သွားမယ်”ဟု ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးပြီးပါက ၂၄ နာရီအတွင်း အောက် ခြေတပ်မှူးများကို အသိပေးအကြောင်းကြားရန်၊ ၅ ရက်အတွင်း အောက်ခြေ တပ်မှူးများကို NCA ပါ သဘောတူညီချက်များကို ရှင်းလင်းပြောကြားရန်၊ ၁၄ ရက်အတွင်း အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေး(JICM)ခေါ်ရန်၊ ၃၀ ရက်အတွင်း စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး မူဘောင်ရေးဆွဲရန်၊ ရက် ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပရန် စသည့် အချက်များကို သဘောတူညီထားသည်။

“အမှန်တော့ နိုင်ငံရေးမူဘောင်ဆိုတာ ရက်ပေါင်း ၆၀ တည်းနဲ့ ဘယ်လိုမှ မပြီးနိုင်ဘူး။အနည်းဆုံး ၄ နဲ့ တစ်နှစ်ကြာအောင် ရေးဆွဲရ တယ်။ဒါပေမဲ့ ကျွန်တော်တို့ NCA လက်မှတ်ထိုးပြီးရင်တော့ ဒါကို လုပ်ကို လုပ် ပေးရမှာဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၁ နှစ်လောက်က တည်းက ကျွန်တော်တို့ နိုင်ငံရေးမူဘောင်ကို ဆွဲလာခဲ့တာ အခု အနည်းငယ်ဘဲ ကျန်တော့တယ်။ဒီတော့ ဒီဇင်ဘာလဆန်းပိုင်း မှာ နိုင်ငံရေးမူဘောင် ရေးဆွဲပြီးနို်င်မယ်လို့ ယုံကြည်ထားပါတယ်”ဟု မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ တွေ့ဆုံညှိနှိုင်းရေးဌာနမှ ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်လက်မှတ်ထိုးပွဲအခမ်းအနားပြင်ဆင်ရေးအကြို ညှိနှိုင်းပွဲကို စက်တင်ဘာ ၂၀ ရက်နေ့တွင် MPC တွင်ကျင်းပရန် အစိုးရဘက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ ကို ဖိတ်ခေါ်ထားရာတွင် PNLO, ALP, DKBA, SSPP, KNU, NDAA, KNU/KNLA-PC, ABSDF တို့ ၈ ဖွဲ့သာတက်ရောက်ခဲ့သဖြင့် အောက်တိုဘာလ ၃ ရက်နေ့သို့  ရက်ရွှေ့ဆိုင်းကာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း MPC မှ သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...