လုပ်ပိုင်ခွင့်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်ခွင့်ပြုရန် WLB တောင်းဆို

လုပ်ပိုင်ခွင့်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်ခွင့်ပြုရန် WLB တောင်းဆို
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)အစ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လုပ်ပိုင်ခွင့်ရှိသည့်နေရာများသို့ အမျိုးသမီးများကို ပါဝင်ခွင့်ပြုရန် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို ့ရှိ Orchid Hotel တွင် “နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် နှင့် အမျိုးသမီးများ၏ အခွင့်အရေးများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတစ်ခုတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)WLB မှ အထက်ပါအတိုင်း တောင်းဆို လိုက်ခြင်းဖြစ်သည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အဖွဲ့ဝင် Pen Myanmar ဥက္ကဌ မသီတာ(စမ်းချောင်း)က “အခု အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ NCA ဆွေးနွေးနေကြတယ်။ ဒီအထဲမှာ အမျိုးသမီးတွေ နှစ်ယောက် သုံးယောက်လောက်ပဲ ပါဝင်ခွင့်ရတယ်။ နောက် တစ်ခုက လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ ပါဝင်ခွင့် မရဘူး။ တိုက်ပွဲတွေဖြစ်ရင် အရင်ဦးဆုံး အမျိုးသမီးတွေဘဲ ဒုက္ခရောက်ကြရတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမျိုးသမီးတွေကို ပါဝင်ခွင့်ပြုဖို့လိုအပ်သလို လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ ထည့်သွင်းဆွေးနွေးခွင့်ပြုဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ မြန်မာ ပြည်ရဲ့ငြိမ်းချမ်းရေးရဖို့  မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။

လက်ရှိတွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တိုင်းရင်းသားများမှ အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တို့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)အကောင်အထည်ဖော်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိပြီး အောက်တိုဘာ ပထမ အပတ်ထဲတွင် လက်မှတ်ရေးထိုးသွားရန်လည်း ဆုံးဖြတ်ထားကြပြီး ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများမှာ အလွန်နည်းပါးနေပြီး လုပ်ပိုင်ခွင့်များ မရှိသည့်အတွက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေဖြင့် လုပ်ပိုင်ခွင့်ရှိသော နေရာများတွင် အမျိုးသမီးများကို ပါဝင်ခွင့်ပြုရန် တောင်းဆိုရခြင်းဖြစ် သည်ဟု WLB က ဆိုသည်။

WLB အဖွဲ့ဝင် ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်နာမ်ရော်က “SD မှာ ပဒိုနော်စီဖိုးရာစိန်ကို ပါဝင်တယ်။ UPWC မှ လွှတ်တော်က ဒေါ်ဒွဲဘူနဲ့နောက်တစ်ယောက်ပါတယ်။ MPC မှ ဒေါက်တာ ရင်ရင်နွယ်တို့ ပါတယ်။ ဒါပေမဲ့ သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်မရှိ သလောက် ဖြစ်နေတယ်။ ဒါကြောင့် ကျွန်မတို့က အမျိုးသမီးတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အချိုးတစ်ခု အနေနဲ့ ပါဝင်ခွင့်ပေးဖို့နဲ့လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ ပါဝင်ခွင့်ပြုဖို့တောင်းဆိုတာပါ” ဟု ပြောသည်။

၂၀၁၅ ခုနှစ်၊ ဇွန်လက ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ် လော်ခီးလားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် များ ညီလာခံ၌ လေ့လာသူများအဖြစ် တက်ရောက်ခဲ့သော အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးဆွေးနွေး ပွဲ လုပ်ငန်းစဉ်များ တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းကို ပါဝင်ခွင့်ပြုရန် အကြံပြုတင်ပြခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက လက်ခံခဲ့သည်။

သို့သော် အစိုးရဘက်မှ ယင်းအကြံပြုတင်ပြချက်ကို လက်ခံကြောင်း လက်တွေ့အရ ၃၀ ရာခိုင်နှုန်း သော အချိုးသည် များပြားလွန်နေသည့်အတွက် မဖြစ်နိုင်သေးကြောင်းဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တွင် ပဒိုနော်စီဖိုးရာစိန်က ခေါင်းဆောင်အဖြစ် တာဝန် ယူဆောင်ရွက်လျှက်ရှိပြီး ALP မှ ဒေါ်စောမြရာဇာလင်းတို့ အပါအဝင် UPWC မှာလည်း ပြည်သူ့ လွှတ်တော်ကို်ယ်စားလှယ် ဒေါ်ဒွဲဘူ နှင့် အမျိုးသားလွှတ်တော်မှ အမျိုးသမီးကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်လျှက်ထားသလို မြန်မာငြိမ်းချမ်းရေးစင် တာ(MPC)၍ ဒေါက်တာရင်ရင်နွယ်အပြင် တခြားသော အမျိုးသမီး ပုဂ္ဂိုလ်အချို့ ပါဝင်လျှက်ရှိသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...