KIO အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးဟု ဗိုလ်ချုပ်အင်ဘန်လပြော

KIO အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးဟု ဗိုလ်ချုပ်အင်ဘန်လပြော
အစိုးရဘက်မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အောက်တိုဘာလ ပထမအပတ်ထဲတွင် လက်မှတ်ရေးထိုးကြရန် သတ်မှတ်ထားသော်လည်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အနေဖြင့် NCA လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သေးကြောင်း KIO ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လက ပြောသည်။

စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရွှေပြည်အေးလမ်းနှင့် ချမ်းသာလမ်းထိပ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားဝတ်ပြုကျောင်းတွင် (KIO)ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာတို့သည် ကချင်လူထုကို တွေ့ဆုံကာ NCA လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ KIO အနေနဲ့အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်ဆိုပြီးတော့ သမ္မတနဲ့တွေ့တဲ့အခါမှာ ပြောခဲ့တယ်။ အခုက အစိုးရက ၁၅ ဖွဲ့ကိုဘဲ လက်ခံတယ်။ SD အဖွဲ့ဝင်အားလုံးကို ပါဝင်စေချင်တာ။ အစိုးရက လက်မခံဘူး၊ နေပြည်တော်မှာ သမ္မတနဲ့တွေ့တော့ တင်ပြတယ်။ ဒါလည်း မထူးဘူး ဒါကြောင့် အစိုးရ လက်မခံတဲ့ အဖွဲ့တွေနဲ့ တိုင်ပင်ရဦးမယ်။ ဘယ်လိုလုပ်ရင် အဖြေကောင်းရမလဲ ဆိုတာကိုပေါ့။ ဒါကြောင့် ကျွန်တော်တို့ သမ္မတ သတ်မှတ်တဲ့ အောက်တိုဘာ ပထမပတ်ထဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ငါတို့ကတော့ မလုပ်နိုင်ဘူး။ လက်မခံတာတော့ မဟုတ်ဘူး။ လက်မှတ်ထိုးရမယ်။ ဒါပေမဲ့ သမ္မတပြောတဲ့ ရက်မှာ လက်မှတ်ထိုးနိုင်တဲ့ အနေအထား မရှိသေးဘူး ဆိုတာကို မိဘပြည်သူတွေကို ပြောပြချင်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် အင်ဘန်လက ပြောသည်။

အစိုးရအနေဖြင့် အားလုံးပါဝင်ရေးမူကို လက်ခံကြောင်း တိတိကျကျ မပြောသည့်အတွက် မျှော်လင့် ထားသည့်အတိုင်း ဖြစ်မလာ၍ စိတ်မကောင်း ဖြစ်ရသည်ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ နှင့် နိုင်ငံတော်သမ္မတသည် စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံကာ NCA လက်မှတ်ရေးထိုးမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြ ရာမှာ အစိုးရဘက်က စက်တင်ဘာ ၂၉ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးရန် သမ္မတမှ အဆိုပြု ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသားများဘက်က အောက်တိုဘာ ၁၅ ရက်မှသာ လက်မှတ်ရေးထိုးရန် ပြန် လည် တင်ပြဆွေးနွေးခဲ့ကြသည်။

MPC အထူးအကြံပေး ဦးလှမောင်ရွှေက အစိုးရ ဖိတ်ခေါ်ထားခြင်းမရှိသော ရက္ခိုင့်တပ်မတော် AA အနေဖြင့် KIO လက်မှတ်ထိုးမည်ဆိုပါက တပါတည်းပါဝင်လာမည်ဟု မျှော်လင့်ထားကြောင်း TNLA အား တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ MNDAA ကိုတော့ သမ္မတမှ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းသွားရန် စီစဉ်ထားကြောင်း အစိုးရဘက်မှပြန်လည် ဆွေးနွေးတင်ပြခဲ့ သည်ဟု ပြောသည်။

သို့သော် ထိုကိစ္စရပ်ကို KIO အနေနှင့် လက်ခံခြင်းမရှိဘဲ အားလုံးပါဝင်ရေးအတွက်ကိုသာ ဆွေးနွေး လိုကြောင်း KIO ဒုဥက္ကဌ အင်ဘန်လက ကချင်လူထုနှင့်တွေ့ဆုံစဉ် ရှင်းပြခဲ့သည်။

သမ္မတ နှင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင် ငါးဦးတို့ ဆွေးနွေးခဲ့သည့် ရလဒ် အခြေအနေများကို  နေပြည်တော်သို့ တက်ရောက်နိုင်ခြင်းမရှိသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် ယခုလ ၂၅၊၂၆ ရက်နေ့များတွင် တွေ့ဆုံကာ ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း KIO အတွင်း ရေးမှူးချုပ် ဒေါက်တာလဂျာကလည်း ကချင်လူထုကို ရှင်းပြခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...