“တိုင်းရင်းသားတွေနဲ့ သမ္မတကြီးနဲ့ကတော့ လောလောဆယ် စက်တင်ဘာလမှာတွေ့ဖို့ သတ်မှတ် ထားတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကနေပြီးတော့ သူတို့ဘက်က တွေ့ချင်တဲ့ရက်နဲ့ ပြန်ညှိတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က စက်တင်ဘာ ၉ ရက်နေ့မှာ သမ္မတကြီး နဲ့တွေ့ဖို့ သဘောတူထားပါတယ်”ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC မှ ဦးညှိအုန်းမြင့်က ပြောသည်။
အစိုးရဘက်မှ ခွင့်ပြုထားသည့် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်း(၁၅)ဖွဲ့အနက် အနည်းဆုံး ၉ ဖွဲ့ခန့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးသွားနိုင်သည့် အခြေအနေရှိကြောင်း ဦးညိုအုန်းမြင့်က ဆက်ပြောသည်။
NCA လက်မှတ်ထိုးရေးအတွက် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ ဖွဲ့ထံ ဖိတ်စာအသီးသီး ပေးပို့ထားပြီး ဖြစ် သည်။
သို့ရာတွင် ကိုးကန့်တပ် မတော် MNDAA၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ “ဝ”အမျိုးသား အဖွဲ့ချုပ် WNO၊ ရခိုင်အမျိုးသားကောင်စီ ANC စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကို NCA လက်မှတ်ရေးထိုးရာတွင် အစိုးရဘက်မှ ပါဝင်ခွင့်မပြုသေးပေ။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဩဂုတ်လ ၂၁ မှ ၂၄ ရက်နေ့များက ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိပ်သီးအစည်းအဝေး EAOs (Ethnic Armed Organizations Summit) ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရေးမူကိုကိုင်စွဲပြီး တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များအနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပြီးလျှင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည့်နေ့ရက်ကို ကြေညာနိုင်မည်ဟု ဩဂုတ်လ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးမှပြန် ထွက်စဉ် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
သူက “သူတို့ထဲကနေ ထိပ်သီးခေါင်းဆောင် ၅ ယောက်လာမယ်၊ သမ္မတကြီးနဲ့ တွေ့မယ်။ ဘယ်နေ့ လက်မှတ်ထိုးမယ်ဆိုတဲ့ ရက်ကို ပေးမယ်။ အဲ့ဒီတော့ အဲ့ဒီရက်ရမှာ ကျနော် ကြေညာမယ်။ အခုက တော့ သူတို့ လာဖြစ်လား မလာဖြစ်လား ကျနော်လည်း မသိတော့ မပြောရဲဘူးဗျ”ဟု ပြောသည်။
သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင် ၅ ဦးဖြစ်သည့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ဒုဥက္ကဌ အင်ဘန်လ၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ စောမူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နာယက ဗိုလ်ချုပ် ဆေထင်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဌ အေဘယ်လ်တွိနှင့် အဆင့်မြှင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၊ ဒုခေါင်းဆောင်(၁) ဒေါက်တာလဂျာ၊ ဒုခေါင်းဆောင်(၂)ပူးဇင်ကျုံးတို့ နေပြည်တော်၌ တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်ရှိ အစိုးရ လက်ထက်တွင် လက်မှတ်မရေးထိုးနိုင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အသစ်က ပြန်စရဖွယ်ရှိ သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုဥက္ကဋ္ဌဌ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် မတ်လ ၃၁ ရက် ၂၀၁၅ ခုနှစ်တွင် ကျင်းပသော NCA မူကြမ်းအတည်ပြုလက်မှတ်ရေးထိုး ပွဲသို့ နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြားခဲ့ပြီးနောက် UPWC နှင့် NCCT မှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည့် စာချုပ်အား အပြန်အလှန်လဲလှယ်ခဲ့ကြပြီးဖြစ်သည်။
ထို့နောက် အချက် ၃၃ ချက်ပါရှိသော NCA စာချုပ်မူချော အတည်ပြုခဲ့ပြီးနောက် အချက် ၃၂ ချက်အထိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူညီမှု ရရှိပြီးသော်လည်း နောက်ဆုံးအချက်ဖြစ်သည့် “သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း” အပိုဒ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား လက်မှတ်ရေးထိုးရန် အချက်၌ တိုင်းရင်းသား ၆ ဖွဲ့ကို ပါဝင်ခြင်းမပြုသဖြင့် လက်ရှိုတွင်တစ်ဆို့နေခြင်း ဖြစ်သည်။







