အမှုတိုင်ကြားသူ ဒါ်ကြည်လင်းက “ကျမသားသမီးတွေကို မနှောက်ယှက်နဲ့၊ ကျမစီးပွားရေး ပျက်ပြားအောင်လည်း မလုပ်နဲ့၊ ဝန်ခံချက် လက်မှတ်ထိုးပြီး ကျမကိုပေးပါ။ ကြေအေးပေးပါဆိုရင် ကြေအေးပေးမယ်။ ရှေ့ဆက်လည်း တစ်ရွာသားချင်းပဲ တစ်ယောက်နဲ့ တစ်ယောက် စိတ်နာစေတဲ့ စကားတွေ မပြောဖို့ပေါ့။ နောက်ပြီး တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်နဲ့ အတူနေထိုင်သွားဖို့ကိုပဲ မျှော်လင့် တယ်”ဟု ပြောသည်။
နှီးတရုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ရှိုန်နှင့် ၂၅ ဦးတို့အား မရီဌေး၊ ဦးသာတေ၊ ဒေါ်ကြည်လင်း၊ မခင်ခင်ထွေးတို့မှ ရေးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာမှ ယခုလ ၁ရ ရက်နေ့တွင် ပုဒ်မ ၄၂ရ အကျိုးစီးပွား ပျက်စီးစေမှု၊ ၅၀၆ ကြိမ်းမောင်းမှုများကို ကျေးအေးခြင်း ဖြစ်သည်။
အံဒင်ကျေးရွာ အုပ်ချုပ်ရေးမှူးက “အမှုကြီး ၂ ခုက သူစွပ်စွဲထားသလို မဟုတ်ပဲ စကားလုံးတွေကို လျှော့ချဖို့၊ ပြီးရင် အမှုငယ်သွားအောင် လျှော့ချပြီးမှ စာချုပ်ကို ရဲမှူး၊ ဥပဒေအရာရှိ၊ တရားသူကြီးထံကို တင်ပြသွားမယ်။ အဲဒါမှ တရာသူကြီးကနေ ရုပ်သိမ်းပေးလို့ ရမယ်လို့ အဲဒီလိုပြောတယ်။ ရှေ့ဆက် တစ်ဖက်နဲ့တစ်ဖက် ပြဿနာတွေ ပြေလည်ဖို့အတွက် တစ်ဖက်နဲ့ တစ်ဖက် တရားမစွဲပဲ အေးအေးဆေးဆေးနေသွားဖို့ ကတိပေးပြီး ဝန်ခံလက်မှတ်ထိုးထားကြတယ်”ဟု ပြောသည်။
တရားစွဲထားသည့် ပုဒ်မ ၄ ခုအနက် ၂ ခုမှာ ကြေးအေး၍ အဆင်ပြေသွားသော်လည်း ကျန်သည့် ပုဒ်မ ၂ ခုမှာ ရဲအရေးမပိုင်သည့် အမှုဖြစ်သည့်အတွက် ကြေအေးနိုင်ရန် တရားရုံးအထိ တင်ပြလျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
“အဲဒီမှာပုဒ်မ ၄ ခုမှာ ထူးခြားတာက ကြေအေးလို့ရတာက ၂ ခု ကြေအေးလို့မရတာက ၂ ခုပါတယ်။ ပြောရရင် ရဲရေးပိုင်တဲ့ အမှုက ၂ မှု၊ ရဲရေးမပိုင်တဲ့အမှုက ၂ မှု ပုဒ်မ ၄၂၀ ကို ရဲရေးကမပိုင်ပါဘူး။ ပုဒ်မ ၅၀၆ ရဲရေးမပိုင်ဘူး ဒီ ၂ခုက ရဲရေးမပိုင်တဲ့အတွက် အမှုက ဒီအတိုင်းပိတ်လို့မရဘူး တရားရုံးကို လျှောက်ရမယ်” ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ YSS အတွင်းရေးမှူး အောင်နိုင်ဝင်း က ဆိုသည်။
ယခု ဖြစ်ရပ်သည် တဖက်နှင့်တဖက် နားလည်မှု လွဲမှားရာမှ ဖြစ်ပေါ်လာရကြောင်း ယခုအချိန်တွင် ဒေသခံများကလည်း မိမိတို့ ညီညီညွတ်ညွတ် နေလိုသည့်အတွက် နာလည်မှုပေးကြပြီး ကြေအေးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများမှ သိရသည်။
နှီးတရုတ်ရွာ၌ မြေယာဝယ်ယူရေးကိစ္စ လုပ်ကိုင်ဆောင်ရွက်နေသည့် မရီဌေးကို မေလ ၁၅ ရက်နေ့တွင် ဒေသခံများ က ကျောက်မီးသွေးစက်ရုံ အလိုမရှိ ကြွေးကြော်သံများဖြင့် ဝိုင်းဝန်းကန့်ကွက်ရာမှ လူစုလူဝေးအသွင် အချင်းဖြစ်ပွားခဲ့သည်ကို ရေးမြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အံဒင်ကျောက်မီသွေးစက်ရုံ စီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် တိုယိုထိုင်း ကုမ္ပဏီက ဒေါ်လာသန်း ၂၇ဝဝ ရင်းနှီး မြှုပ်နှံကာ လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ်ထုတ်ရန် လျာထားပြီး လွန်ခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ် (MoA) လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။







