လာမည့် ဧပြီလတတိယပတ်တွင် AMDP ပါတီ၏ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေတို့ တနင်္သာရီတိုင်းဒေသကြီးသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
AMDP ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်နိုင်ဦးက “တနင်္သာရီဒေသမှာ မွန်လူမျိုးအရေအတွက် ထိုက်သင့်သလောက်ရှိနေတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားရေးရာ တစ်နေရာရှိဖို့အတွက် ဝင်ပြိုင်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ အဖွဲ့ဝင်တွေ ဝိုင်းဝန်းကူညီပေးဖို့အတွက် အခုလို ပါတီအဖွဲ့ဝင် စည်းရုံးရေး ဆင်းတဲ့သဘောပါ” ဟု ဆိုသည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာ အရွေးချယ်ခံမည့်သူကို တနင်္သာရီတိုင်းဒေသကြီးရှိ AMDP အဖွဲ့ဝင်များ ရွေးချယ်၍ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသား ၆ သောင်းကျော်ရှိသည့် အနက် ၃ သောင်းကျော်မှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသူများဖြစ်ကြောင်း မွန်လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းမှ မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး (၁၀) မြို့နယ်တွင် မွန်လူမျိုးအများဆုံးနေထိုင်သည်မှာ ရေဖြူမြို့နယ်တွင် အများစု နေထိုင်ကြပြီး ပုလော၊ ပုလောက်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်းတို့တွင်လည်း နေထိုင် ကြကြောင်း သိရသည်။
မွန်လူဦးရေစာရင်း ကောက်ယူရခြင်းမှာလည်း လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားဝန်ကြီး တစ်နေရာ ရွေးကောက်တင်မြှောက်နိုင်ရန် မွန်လူဦးရေစာရင်း အမှန်ရရှိဖို့အတွက် ကောက်ယူရခြင်း ဖြစ်ကြောင်း နိုင်စံတင်က လွှတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။
ယင်းအစည်းအဝေးတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ AMDP ကိုယ်စားလှယ်လောင်းများ စာရင်းကို ပါတီဗဟိုဌာနချုပ်တို့ လမည့် မေလ ၁ ရက်နေ့မှ စတင်ပေးသွင်းရမည်ဟု ဆုံးဖြတ်ခဲ့သည်။







