ဒေသ၏ ပညာရေးအခြေအနေကြောင့် လူထုဗဟိုပြုစီမံကိန်း အခက်ကြံု

ဒေသ၏ ပညာရေးအခြေအနေကြောင့် လူထုဗဟိုပြုစီမံကိန်း အခက်ကြံု
by -
မူအက်စတာ
ကျေးလက်ဒေသဖွ့ံဖြိုးရေးစီမံကိန်းများ လုပ်ဆောင်သည့်နေရာတွင် ပညာရေးအခြေအနေကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လူထုဗဟိုပြု ကျေးလက်ဒေသ ဖွ့ံဖြိုးရေးစီမံကိန်း ဖရူဆိုမြို့နယ်တာဝန်ခံက ပြောသည်။ ဖရူဆိုမြို့နယ် လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတာဝန်ခံ စောဘရာထူးက “ပညာရေးအရ နည်းနည်းလေး။ ကျောင်းမတက်ရတော့လေနော။ ၂ တန်း ၃ တန်း အထိပဲ တက်ဖူးတော့ ဗမာစကားသိိပ်နားမလည်တော့ စာရင်းဇယားလုပ်တဲ့အခါမှာ တအားနဲ့ခက်တယ်။ တချို့ဆိုရင် အဝေးကရွာတွေဆိုရင် လက်မှတ်မထိုးတတ်တဲ့ ရွာတွေရှိတယ်။ ပထမနှစ်မှာ တအားခက်တယ်။ ဒုတိယနှစ်မှာတော့ နည်းနည်းလေး အဆင်ပြေလာပြီ။ နည်းနည်းလွယ်ကူလာတာပေါ့”ဟု ပြောသည်။ ကယားပြည်နယ်ရှိ လူထုဗဟိုပြု ကျေးလက်ဒေသ ဖွ့ံဖြိုးရေးစီမံကိန်းသည် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့ အစရှိသော မြို့နယ်များတွင် ကွင်းဆင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သည့် ဆွေးနွေးသုံးသပ်ပွဲကို ဖရူမြို့နယ်တွင် ဇူလှိုင်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဖရူဆိုမြို့နယ် စီမံကိန်းတာဝန်ခံ စောဘရာထူးက “ဒီစီမံကိန်းနဲ့ တခြားစီမံကိန်း ကွာခြားတာကတော့ နံပါတ်တစ်က ထောက်ပံ့ငွေပေါ့။ ကျေးရွာလူထုတွေကို တိုက်ရိုက်ထောက်ပံ့တယ်။ လူထုကိုယ်တိုင်က ပိုက်ဆံကို ကိုယ်တိုင်သုံးစွဲတယ်။ ကိုယ်တိုင်လုပ်တယ်ပေါ့နော။ ဒီကျေးလက်ဝန်ထမ်းတွေနဲ့ စီမံကိန်းဝန်ထမ်းတွေက ကျေးရွာတွေကို ကူညီရတယ်။ ဒီစီမံကိန်းမှာ ထူးခြားတာ တစ်ခုက ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မကျေနပ်တာဖြစ်ဖြစ် အကြံပြုတာဖြစ်ဖြစ် လျှို့ဝှက်စာ တိုင်ကြားနိုင်တယ်ပေါ့နော”ဟု ပြောသည်။ လူထုတွေကို တိုက်ရိုက်စီမံခွင့်ပေးသည့် ဖွ့ံဖြိုးရေးစီမံကိန်းဖြစ်သော်လည်း လူထုအတွက် အဓိက လိုအပ်ချက်ဖြစ်နေသည့် လမ်းများကို ပြုလုပ်ပေးရန် ဘတ်ဂျက်လုံလောက်မှု မရှိသေးကြောင်း ဖရူဆိုမြို့နယ် စီမံကိန်းတာဝန်ခံများက ပြောသည်။ စီမံကိန်းစတင်သည့်နှစ်တွင် စာရွက်စာတမ်းများ ရေးသွင်းခြင်း၊ စာရင်းပြုစုရခြင်းများက ကျေးရွာသားများအတွက် အခက်အခဲရှိနေကြသေးသည်။ သို့သော် ယခုတွင် ၎င်းတို့အတွက် လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ကြပြီ ဖြစ်သည်။ “အရင်က သူတို့တွေဆို ဘောပင်တောင်မကိုင်တတ်ကြသေးဘူး အင်းပက်နဲ့ပဲ လက်မှတ်ထိုးခိုင်းရတယ် အခုဆို သူတို့အရမ်းတတ်လာပြီ” ဟု ဦးဟိန်းမင်းလတ်က ပြောသည်။ ခါးဘယ်အုပ်စု ရီခီခေါကျေးရွာမှ မအညေးဇယ်က “ကျမတို့အရင်က စစတုန်းကဆို အရမ်းခက်တယ် ဒါပေမယ့် နောက်ပိုင်းတော့ လွယ်သွားတယ် အတွေ့အကြံုလည်း ရသွားတယ် အခုဆိုအဆင်ပြေပါပြီ ဟု ၎င်းကြံုတွေ့နေရသည့် စာရင်းကိုင်အလုပ်အခက်အခဲကို ပြောကြားသည်။ လူထုဗဟိုပြုစီမံကိန်းသည် ကယားပြည်နယ်တွင် ၂၀၁၄ ခုနှစ်တည်းက ကမ္ဘာ ့ဘဏ်၏ ချေးငွေ၊ နည်းပညာအကူအညီဖြင့် လုပ်ဆောင်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအောက်ရှိ စီမံကိန်းတစ်ခု ဖြစ်သည်။
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...
April 1, 2026
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ...
March 31, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဓာတ်ဆီ တစ်လီတာကို ကျပ်တစ်သောင်းအထိ စျေးမြင့်တက်လာတယ်လို့...
March 30, 2026
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြစ်တဲ့ MPT...