မိုးရာသီရောက်တိုင်း ရှားတောပြည်သူ့ဆေးရုံပြင်နေရ

မိုးရာသီရောက်တိုင်း ရှားတောပြည်သူ့ဆေးရုံပြင်နေရ
by -
ကန္တရဝတီ
ကယားပြည်နယ် ရှားတောမြို့နယ်ရှိ မြို့နယ်ဆေးရုံကြီးသည် ယခင်နှစ်နွေရာသီကပင် ဖွင့်လှစ်ခဲ့ပြီး မိုးရာသီရောက်ချိန်တိုင်း မိုးယိုမှုကြောင့် လူနာဆောင်တွင်း၊ ခွဲစိတ်ခန်းအတွင်းတွင် ရေများအိုင်နေလျက်ရှိသည်။ ထို့ကြောင့် ယင်းဆေးရုံကြီးကို တာဝန်ယူတည်ဆောက်ခဲ့သည့် သူရိန်သွေး(ခ)လရောင်ဖွေးဖွေးကုမ္ပဏီမှ ၎င်းတို့ပြန်လည်ပြီး ပြုပြင်နေပြီဖြစ်ကြောင်း ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက ပြောသည်။

“သူတို့သွားပြန်လုပ်နေပြီ၊ ဒေါက်တာအောင်ကျော်ဌေးကိုယ်တိုင် သူတို့ကိုသွားပြန်လုပ်ခိုင်းနေပါပြီ ” ဟု ၎င်းကပြောသည်။ ၎င်းဆေးရုံကြီးသည် ယခင်နှစ်တည်းက မိုးယိုခဲ့ပြီး တစ်ကြိမ်ပြန်လည်ပြုပြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခင်နှစ်တွင်လည်း မိုးရာသီမိုးယိုခဲ့မှုကြောင့် ၎င်းကုမ္ပဏီသည် ဘိလပ်မြေတို့နှင့် ပြုပြင်မွမ်းမံခဲ့သေးကြောင်း ဦးလှထွေးကပြောသည်။

“အရင်နှစ်တည်းက ကျနော်သူတို့ကို ပြောထားတယ်၊ သူတို့လည်း ဘိလပ်မြေတွေနဲ့ ပြန်ပြင်ပြီလို့ပြောတယ်၊ ဒီနှစ်လည်း ထပ်ယိုပြန်တယ်၊ အရင်နှစ်လည်း ဒီအချိန်ပဲ” ဟု ၎င်းကပြောသည်။

ဆေးရုံကြီးမိုးယိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီးသည်လည်း စာထွက်ခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်း စာတင်ထားပြီးဖြစ်ကြောင်း ရှားတောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောသည်။

“ဝန်ကြီးဆီတင်ထားတယ်၊ ဆေးရုံအုပ်လည်း စာတင်ထားပါတယ်” ဟု ပြောသည်။
ရှားတောဆေးရုံသည် ယခင်အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၂၀၁၆ ခုနှစ်မတ်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဝန်ထမ်းအိမ်ယာများတွင်လည်း မိုးယိုလျက်ရှိကြောင်း ၊ ခိုင်ခံ့မှုမရှိကြောင်း သိရသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...