မေလ (၂၄) ရက်နေ့ နေပြည်တော် MICC- 2 ခန်းမတွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးဖွင့်ပွဲအခန်းအနားမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“ နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ NCA ဟာ အပစ်ရပ်လုပ်ငန်းစဉ်ခိုင်မာရေး၊ နိုင်ငံရေးဆွေးနွေး အာမခံချက်ရှိရေးနဲ့ လက်ခံနိုင်စရာကောင်းတဲ့အဆင့်တစ်ဆင့်လို့ဆိုနိုင်ပါတယ်။ ကျွန်မတို့ရဲ့ဦးတည်ချက်က အပစ်ရပ်အဆင့်မှာတင် ရပ်ဆိုင်းနေဖို့မဟုတ်ပါဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် ထာဝရငြိမ်းချမ်းမှုရယူရေး ဖြစ်ပါတယ် ” ဟု ၎င်းကပြောသည်။
အပစ်ရပ်ညှိနှိုင်းမှုများသည် ဒဏ်ရာအနာတရတစ်ခု၏ အပြင်ပန်းဒဏ်ချက်များ သက်သာစေရေးလုပ်ဆောင်ချက်နှင့်တူညီပြီး နိုင်ငံရေးဆွေးနွေးပွဲများသည် အပြင်ပန်း မမြင်နိုင်သည့်ဒဏ်ရာဒဏ်ချက်များ၏ အဓိကအတွင်းဇစ်မြစ်ကို ကုစားနိုင်ရန်ဖြစ်သောကြောင့် NCA သည် လမ်းဆုံးမဟုတ်ဘဲ NCAမှ နိုင်ငံရေးဆွေးနွေးပွဲတံခါးကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များချုပ်ငြိမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးဟာ တပ်မတော်ရဲ့ အလိုလားဆုံး ဆန္ဒလည်း ဖြစ်ပါတယ်။ NCA ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ပါအတိုင်း ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး လက်ကမ်းကြိုဆို လျက်ရှိကြောင်း ပြောကြားလိုပါတယ် ” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ငြိမ်းချမ်းရေးကိစ္စအပါ အဝင် မူဝါဒဆိုင်ရာများကို အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်တို့အကြား ညှိနှိုင်းဆုံးဖြတ်ချက်ချမှတ်ရန် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အစည်းအ ဝေးကို နှစ်ပတ်တစ်ကြိမ် ပုံမှန်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
ထို့အပြင် မေလ(၂၃)ရက်နေ့ ညနေပိုင်းတွင် (၂၁) ရာစုပင်လုံညီလာခံဒုတိယအစည်းအဝေးနှင့်ပတ်သက်၍ ပင်လုံမူ၊ ပင်လုံစိတ်ဓါတ် ၊ ပင်လုံကတိကဝတ်တို့နှင့်အညီ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားပြည်နယ်များကိုအခြေခံသော စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အနေဖြင့် ကြိုဆိုထောက်ခံ ၀ုိင်းရံပံ့ပိုးသွားမည်ဖြစ် ကြောင်းကို UNFCက ထုတ်ပြန်ထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလ၂၄ရက်မှ မေ၂၈ရက်အထိ ကဏ္ဍကြီး၄ရပ်ဖြစ်သော နိုင်ငံရေးကဏ္ဍတွင် ၂၁ချက်၊ စီးပွားရေးကဏ္ဍတွင် ၁၀ချက်၊ လူမှုရေးကဏ္ဍတွင် ၄ချက် နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ၆ချက် စုစုပေါင်း ၄၁ချက်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။







