ကရင်ပြည်နယ်စာယဉ်မှ ရှေးဟောင်းသုတေသန ဘွဲ့လွန်ဒီပလိုမာသင်တန်း တက်လိုသူ နှစ်ဦးကို ပညာသင်ကြေး ပေးမည်

ကရင်ပြည်နယ်စာယဉ်မှ ရှေးဟောင်းသုတေသန ဘွဲ့လွန်ဒီပလိုမာသင်တန်း တက်လိုသူ နှစ်ဦးကို ပညာသင်ကြေး ပေးမည်
by -
ကေအိုင်စီ
ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း(ပြည်နယ်စာယဉ်)မှ လာမည့် မေလအတွင်း ရန်ကုန်တက္ကသိုလ်၌ ဖွင့်လှစ်မည့် ရှေးဟောင်းသုတေသန ဘွဲ့လွန်ဒီပလိုမာသင်တန်း တက်လိုသည့် ကျောင်းသူ၊ ကျောင်းသား ၂ ဦးကို ရွေးချယ်ကာ ပညာသင်ထောက်ပံ့ကြေးပေးရန် စီစဉ် ထားသည်ဟု ပြည်နယ်စာယဉ်က ဇန်နဝါရီ ၂၇ရက်နေ့တွင် ပြောဆိုလိုက်သည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေးအား ကရင်စာပေနှင့် ယဉ်ကျေးမှုကို သမိုင်းသုတေသီ ပညာရှင် အဆင့်ထိ လုပ်ကိုင်သွားလိုသူများကို မွေးထုတ်ရန် ရည်ရွယ်ချက်ဖြင့် ပညာသင်ဆုပေးရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ပြည်နယ်စာယဉ် ဥက္ကဋ္ဌ စောအေးမြက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “ရှေးဟောင်းယဉ်ကျေးမှုနဲ့ပတ်သက်ပြီး လုပ်စရာတွေ တပုံကြီး ရှိတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်ထဲမှာ ပြန်ကြည့်တော့ လုပ်နိုင်မယ့်သူက မရှိဘူး။ ကိုယ်တွေက ငယ်မွေးခြံပေါက်ထားတာပေါ့။ သူတို့လေးတွေလည်း နှစ်ကြာလာတာနဲ့အမျှ အတွေ့အကြုံရလာရင် ကိုယ့်ထဲက ပညာရှင်တွေ ပေါ်လာမှာပေါ့״ဟု ပြောသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူများအနေဖြင့် သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရထားရန် လိုအပ်ပြီး အသက်အရွယ်ကန့်သတ် ထားခြင်း မရှိကြောင်း၊ လက်ရှိတွင် လျှောက်လွှာများ ခေါ်ယူရန် နှင့် ရွေးချယ်ရေး အစီအစဉ်များကို တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်းနှင့် မကြာမီ လျှောက်လွှာခေါ်ယူ ရွေးချယ်သွားရန် ရှိကြောင်း ပြည်နယ်စာယဉ်ထံမှ သိရသည်။

ရှေးဟောင်းသုတေသန ဘွဲ့လွန်ဒီပလိုမာ သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသည့် သင်တန်း သူ၊ သင်တန်းသား နှစ်ဦးမှာ တစ်နှစ်ကြာ သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလအတွင်း နေထိုင်စားသောက်ရေးနှင့် သင်တန်းကုန်ကျစရိတ် အားလုံးကို ပြည်နယ်စာယဉ်က အပြည့်အဝ ပေးသွားမည်ဟု သိရသည်။

ပညာသင်ထောက်ပံ့ကြေးအပေါ် ကရင့်ရေးရာကော်မတီ-KAC အတွင်းရေးမှူး စောကျော်စွာက “ကျနော်တို့အနေနဲ့ မြင်တာက ကောင်းပါတယ်။ ပြည်နယ်စာယဉ်လုပ်နိုင်တဲ့ အရာဆိုတော့ ကောင်းတာပေါ့။ ကျနော်တို့ဆီမှာ လောလောဆယ် သမိုင်းသုတေ သီအဆင့်အထိ မရှိသေးဘူး။ ပြည်နယ်စာယဉ်အနေနဲ့ အပြည့်အဝ ထောက်ပံ့ပေးသွားနိုင်ရင် ကောင်းတဲ့ အစီအစဉ်ပါပဲ״ဟု မှတ်ချက်ပြု ပြောဆိုသည်။

ပညာသင်ထောက်ပံ့ကြေးကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ဖားအံမြို့ရှိ ကရင်ဘော်ဒါဆောင်၌ ပြုလုပ်ခဲ့သည့် ပညာသင်ထောက်ပံ့ရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခု ရှေးဟောင်းသုတေသန ဘွဲ့လွန်ဒီပလိုသင်တန်းအတွက် ပြည်နယ်စာယဉ်က ပထမဆုံးအကြိမ်  ထောက်ပံ့ကြေးပေးခြင်းလည်း ဖြစ်သည်။

May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...