နယ်စပ်အခြေပြု ကရင်လူငယ်အဖွဲ့ ၅ဖွဲ့က လူငယ်ကွန်ဖရင့် စုပေါင်း ကျင်းပမည်

နယ်စပ်အခြေပြု ကရင်လူငယ်အဖွဲ့ ၅ဖွဲ့က လူငယ်ကွန်ဖရင့် စုပေါင်း ကျင်းပမည်
by -
ကေအိုင်စီ
နယ်စပ်အခြေပြု ကရင်လူငယ်အဖွဲ့အစည်း ၅ဖွဲ့ပါ၀င်မည့် ကရင်လူငယ်ကွန်ဖရင့် (Karen Youth Conference)တစ်ခုကို ကရင် အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်သည့် သေဘေထာ့၌် နိုဝင်ဘာလ ၉ရက်မှ ၁၁ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဟု ၎င်းလူငယ်အဖွဲ့အစည်းများက ပြောဆိုသည်။

ကရင်လူငယ်အစည်းအရုံး KYO တွဲဖက်အတွင်းရေးမှူး(၁) စောဂျက်ပစီက "အဓိကကတော့ ကရင်လူငယ်ညီလာခံတစ်ခု ဖြစ်ပေါ် လာဖို့အတွက် ဖြစ်ပါတယ်။ အဲဒီမှာ လူငယ်တွေအနေနဲ့ ဘယ်အခန်းကဏ္ဍတွေကနေ ပါ၀င်လုပ်ဆောင်သွားကြမလဲဆိုတာ အခုကတည်းက အစပျိုးထားတဲ့သဘော ဖြစ်ပါတယ်"ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါကွန်ဖရင့်သို့ နယ်စပ်အခြေစိုက် ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်ကျောင်း သားများကွန်ယက်အဖွဲ့-KSNG၊ ကော်သူးလေကျောင်းသားဟောင်းများအဖွဲ့၊ ကရင်တက္ကသိုလ်ကျောင်းသားများအဖွဲ့-KUSG စသည့်အဖွဲ့များ တက်ရောက်ကာ အနာဂတ် ကရင်လူငယ်ရေးရာများကို ယင်းကွန်ဖရင့်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။

ထို့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် လူငယ်များ၏ တာဝန်များကို ထင်ဟပ်စေသည့် စာတမ်းနှစ်စောင် တင်သွင်းဆွေးနွေး သွားကြမည့်အပြင် ကရင်လူငယ်နှင့် တော်လှန်ရေး၊ နိုင်ငံရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တို့ကို အားနည်းချက်၊ အားသာချက်များအား အပြန်အလှန် ဆွေးနွေးသွားမည်ဟု ကွန်ဖရင့်ဖြစ်မြောက်ရေး စီစဉ်နေသူများထံမှ သိရသည်။

ထိုလူငယ်ကွန်ဖရင့် ကျင်းပမည့်ကိစ္စအပေါ် ပြည်တွင်းရှိ လူငယ်အဝန်းအဝိုင်း (Youth Circle) တာဝန်ခံ စောထွန်းထွန်းက "ကရင်လူငယ်တွေရဲ့ လက်ရှိအခြေအနေအရပ်ရပ်ကို သိလာမယ်။ အပြောင်းအလဲ ဖြစ်စဉ်တွေအပေါ် သူတို့ရဲ့သဘောထား နား လည်မှုတွေ၊ ခံစားမှုတွေ သုံးသပ်နိုင်မယ်။ မဖြစ်မနေ ဆုံးဖြတ်လုပ်ကိုင်ရမဲ့ အခြေအနေကို လုပ်ဆောင်လာနိုင် မယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်လူငယ်တွေ ချိတ်ဆက်မှုအားကောင်းလာပြီး ကရင်အမျိုးသားပန်းတိုင်အတွက် မှန်ကန်တဲ့ အထောက် အပ့ံ ဖြစ်လာမယ်"ဟု ပြောသည်။

၎င်းအပြင် နိုင်ငံရေး အခင်းအကျင်းကို ကရင်လူငယ်များ စိတ်ဝင်စားမှု အားနည်းနေခြင်းသည် စိုးရိမ်စရာတစ်ခုဖြစ်နေပြီး လက်ရှိ ကရင်လူငယ်များ ကြားထဲတွင် စီးဝင်နေသည့် မူးယစ်ဆေးဝါးပြဿနာများအတွက် ဖြေရှင်းရမည့်နည်းလမ်းများကို ဖော်ထုတ် လာနိုင်ရန်လိုအပ်ကြောင်း စောထွန်းထွန်းက ဆက်ပြောသည်။

ယခု ကျင်းပမည့် ကရင်လူငယ်ကွန်ဖရင့်ကို ပြည်တွင်းကရင်လူငယ်အဖွဲ့တစ်ခုဖြစ်သည့် ကရင်လူငယ်ကွန်ရက် KYN ကို လေ့လာသူအနေဖြင့် ဖိတ်ကြားထားပြီး ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်များရှိ ကရင်လူငယ်အဖွဲ့များ၏ ဆက်လက်တွေ့ဆုံမှုများ မှတဆင့် ကရင်လူငယ်ညီလာခံကြီးတစ်ခုဖြစ်လာသည်အထိ ဦးတည်သွားမည်ဟု KYO တွဲဖက်အတွင်းရေးမှူး စောဂျက်ပစီ က ပြောသည်။

အလားတူ ပြည်တွင်းရှိ ကရင်လူငယ်ကွန်ရက် KYN မှ ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ တွေ့ဆုံပွဲတစ်ခုကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ မဲ့စမိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နိုဝင်ဘာ ၁၆ရက်မှ ၁၈ရက်နေ့အထိ ကျင်းပသွား ရန်ရှိကြောင်း ပြည်တွင်း ကရင်လူငယ်အဖွဲဲ့များထံမှ သိရသည်။

ဒုတိယအကြိမ်အဖြစ် ပြုလုပ်မည့် ကရင်လူငယ်ကွန်ဖရင့်ကို နယ်စပ်အခြေစိုက်ကရင်လူငယ်အဖွဲ့က သီးသန့် ပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၈ခုနှစ်ကလည်း ကရင်လူငယ်အစည်းအရုံး-KYO က ဦးဆောင်ပြီး ကရင်လူငယ်ကွန်ဖရင့်တစ်ကြိမ် ကျင်းပခဲ့ဖူး ကြောင်း သိရသည်။

May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...