Daihpa ကျေးရွာဘက် စစ်ရှောင် ၄၀၀၀ ကျော် ပိတ်မိနေ

Daihpa ကျေးရွာဘက် စစ်ရှောင် ၄၀၀၀ ကျော် ပိတ်မိနေ
by -
ကေအဲန်ဂျီ
တနိုင်းမြို့ကို ထွက်ပြေးလာရန် အစိုးရစစ်တပ် လမ်းပိတ် တားဆီးထားမှုကြောင့် စစ်ရှောင် ၄၀၀၀ ကျော် လီဒိုလမ်းမ Daihpa ကျေးရွာမှာ ပိတ်မိနေကြောင်း သိရသည်။

ယခုချိန်ထိ တနိုင်း ခရစ်ယာန်နှစ်ခြင်းအသင်းတော်၊ အေဂျီ နှင့် ကတ်သလစ် အသင်းတော်များ မှာ စစ်ရှောင် စုစုပေါင်း ၁၀၀၀ ကျော်ရှိပြီဖြစ်သည်။ သို့သော်လည်း အဆိုပါ တနိုင်းမြို့ကို ရောက်ရှိပြီးသူများကို Kawng Ra ကျေးရွာဘက် ပြောင်းရွေ့ရန် အစိုးရ အာဏာပိုင်များ ညွန်ကြားထားကြောင်း အသင်းတော် တာဝန်ရှိသူများ ပြောသည်။

ထို Kawng Ra ကျေးရွာမှာ တနိုင်း နှင့် ၁၀ မိုင်ခန့်ကွာဝေးသော လုံခြုံမှုမရှိ စစ်မြေ ပြင် တစ်ခုသာဖြစ်သည်။

ဇွန်လ ၅ ရက်နေ့ မနက် ၁၂ နာရီခွဲခန့် Awnglawt လမ်းခွဲ ၅ မိုင်ကုန်း အခြေစိုက် အစိုးရ တပ်မတော်၏ လက်နက်ကြီး ၄ လုံး အဆိုပါကျေးရွာ မှာ ကျရောက်ခဲ့ပြီး မုဆိုးမ မိခင် နှင့် ကလေး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

လက်နက်ကြီးကျရောက်မှုအပြီး Kawng Ra (Nawnglung) ကျေးရွာသားများ Ting Kawk နှင့် တနိုင်းမြို့ကို ထွက်ပြေးသွားသည်။

စစ်ပွဲကြောင့် တနိုင်းမြို့ကို ထွက်ပြေးသော်လည်း အစိုးရက ပြန်လူစုခွဲဖို့ ညွန်ကြားလာခြင်းအပေါ် အဆိုပါ ဒေသကို သွားရောက်ခဲ့သည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC အထွေထွေ အတွင်းရေးမှုး သိက္ခာတော်ရ ဒေါက်တာ Hkalam Samson ယခုလိုပြောသည်။

“စစ်တပ်က နေရာလု ချင်လို့ တိုက် တဲ့သဘောပါပဲ။ ဒါပေမယ့် အခုက စစ်တပ်တစ်ခုတည်း မဟုတ်ဘူး အစိုးရပါ ပူးပေါင်းတဲ့ သဘောဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အစိုးရ လွတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် ပါဝင်ပြီး လေယာဉ်ပေါ်က စာချခဲ့တယ်ဆိုတာ သိရတယ်။ ကျနော်တို့ကို ဒုက္ခပေးတဲ့ သဘောဖြစ်တယ်။ တနိုင်းဘက်ကို ထွက်ပြေးဖို့ ဒါရိုက်လမ်းကိုတော့ သူတို့ ပိတ်ထားတယ်။ ပြီးတော့ တနိုင်းမှာ စစ်ပြေး ဒုက္ခသည်တွေကိုလည်း မကြည့်ချင်ဘူးဆိုပြီး တာဝန်ရှိတဲ့ စစ်တပ် အရာရှိတွေက မောင်းထုတ်နေတာတွေ့တော့ ကျနော်တို့ ပြည်သူတွေကို အထူးသဖြင့် ကချင်လူမျိုးတွေကို ဒုက္ခရောက်အောင် လုပ်တဲ့ လုပ်ဆောင်မှု တခု ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ပါတယ်”

ထို့အပြင် တိုက်ပွဲဒေသမှ မထွက်ပြေးနိုင်သေးသည့် ပြည်သူ အများအပြား ရှိနေသေးကြောင်း တနိုင်း နှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“မထွက်လာနိုင်သေးတဲ့ လူဦးရေ အများကြီးရှိပါသေးတယ်။ ကျနော်တို့ တနိုင်းအသင်းတော်က Sut Chyai မှော်ဒေသ အသင်းတော် ဆိုပြီး သီးသန့်ဖွဲ့စည်းထားတဲ့ Sambra, Oi Law, N’grau Hkrat ကျေးရွာများ ဘက်က အသင်းသားတွေတောင် မထွက်လာနိုင်သေးဘူး။ ပယင်းမှော်များက လူတွေလည်း အများကြီး ကျန်သေးတယ်။ အခု တနိုင်း ကိုရောက်လာနိုင်တဲ့ သူတွေတောင် မှောင်ခိုလမ်း တွေက တဆင့် ရောက်လာနိုင်တာ။”

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ ဒေသ၊ Nambyu ချောင်းတစ်ဝိုက် ပယင်းမှော်၊ ရွှေမှော်များမှာ ဇွန် ၃ ရက်မှ စပြီး အစိုးရ တပ်မတော်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

ထို့အပြင် အဆိုပါ မှော်များမှ ပြည်သူများကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားရန် ဒကစ (တနိုင်း) တပ်ဖွဲ့ နှင့် အစိုးရ အုပ်ချုပ်ရေး အဖွဲ့ ပူးပေါင်းပြီး ဇွန် ၅ ရက်နေ့ လေယာဉ်ပေါ်မှ စာချ သတိပေးခဲ့သည်။ ထိုစာကြောင့် ပြည်သူများ တနိုင်း ဘက်ကို ထွက်ပြေးလာစဉ် လမ်းပိတ် ဟန့်တားမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...