တနိုင်း တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေ

တနိုင်း တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၄) နယ်မြေတွင် မြန်မာစစ်တပ်မှ တဖန် ထိုးစစ်ဆင်ပြီး ရွှေမှော်များတွင် လေယာဉ်ဖြင့် ကြဲချသော ‘နယ်မြေရှင်းလင်းမည့် သတိပေးစာ’ ကြောင့် ရွှေမှော်ရှိပြည်သူများ နှင့် ဒေသခံများသည် တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်နေပြီ ဖြစ်သည်။

တနိုင်းမြို့ နှင့် ၁၀ မိုင်ခန့် အကွာရှိ ကောင်ရာ ကျေးရွာတွင် ကျေးရွာတာဝန်ရှိသူများမှ လွဲပြီး ရွာသားများ အားလုံး နီးစပ်ရာ လုံခြံုသည့်နေရာကို ပြောင်းရွေ့သွားပြီဖြစ်ကြောင်း ဒေသခံ ဆရာ လရိန် က ပြောသည်။

“ကျနော်တို့ စိုးရိမ်းကြောက်ရွံ့မှုကို အဆုံးကို ရောက်သွားပါပြီ။ ရွာသားအများစု ကတော့ သူတို့အိမ်ကို သော့ခတ်ပြီး ထွက်သွားကြပါပြီ။ တချို့ ရွေ့ပြောင်းမရတဲ့ ရွာလူကြီးတွေ အသင်းတော်လူကြီးတွေ လောက်ပဲ ကျန်ပါတော့တယ်။ မနေ့ညကတော့ ကလေး မီးပွားဖို့ ပြင်နေတဲ့ မိခင်လောင်းတွေကို ဘုရားကျောင်းဝင်းမှာ စုပြီး အိပ်တယ်။”

တိုက်ပွဲကြောင့် အသွားအလာ ခရီးသည်များ ဖြတ်သန်းခြင်း မရှိတော့ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် တနိုင်းမြို့နယ်အတွင်းရှိ နိုင်ငံတော်မှ တရားဝင်ခွင့်ပြုခြင်း မရှိဘဲ ရွှေ၊ ပယင်း တူးဖော်နေသည့် မှော်များ ရှိ ပြည်သူများကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန် တပ်မတော်က လေယာဉ်မှ ဖြန့်ချသည့် စာ ရရှိကြောင်း ဒေသခံများ ပြောဆိုနေကြသည်။ အဆိုပါ စာထဲတွင် သတ်မှတ်ကျော်လွန်ပါက KIA ဟု သတ်မှတ်ကာ နယ်မြေရှင်းလင်းသွား မည်ဖြစ်ကြောင်း သတိပေးထားသည်။

နယ်မြေခံ လီဆူ ပြည်သူ့စစ်၊ ရှမ်းနီ ပြည်သူ့စစ် တပ်ဖွဲ့တို့ ပါဝင်သည့် အစိုးရ ပူးပေါင်းတပ်ဖွဲ့ နှင့် KIA တို့ ဇွန်လ ၃ ရက်နေ့မှ ကောင်ရာကျေးရွာ အနီး တိုက်ပွဲ စတင် ဖြစ်ပွားနေပြီး ယခုထိ ပြင်းထန်နေကြောင်း သိရသည်။

တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယဉ်များ ပျံသန်းမှု ရှိသော်လည်း ပစ်ခတ်ခြင်း မပြုသေးကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားသည့် ကျေးရွာများမှ ဒေသခံအများအပြား ယခုချိန် တနိုင်းမြို့ပေါ် ရောက်လာကြပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...