မြန်မာ စစ်ကား ၁၀၀ ခန့် ရှမ်းပြည်မြောက်ပိုင်း သို့ ချီတက် လာ

မြန်မာ စစ်ကား ၁၀၀ ခန့် ရှမ်းပြည်မြောက်ပိုင်း သို့ ချီတက် လာ
by -
ကေအဲန်ဂျီ
စစ်သားများနှင့် လက်နက်ကြီးများ အပြည့် တင်ဆောင်ထားသည့် မြန်မာ စစ်ကား အစီး ၁၀၀ ခန့် သည် ယမန်နေ့ည မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ရှိသည့် ရှမ်းပြည်မြောက်ပိုင်း သို့ ရောက်ရှိလာကြောင်း ဒေသခံများ ပြောပါသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားသော ဒေသလည်း ဖြစ်သည်။

စစ်ကား ၅၀ ခန့်သည် မူဆယ်မှတဆင့် ကချင်ပြည်နယ် နယ်စပ် နမ့်ခမ်း သို့ ထွက်ခွာသွားပြီး ကျန် အစီး ၄၀ ကျော်သည် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ မှတဆင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေ မုံးကိုး ဘက်ကို ဦးတည်သွားကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ယနေ့ မွန်းလွဲပိုင်းအထိ ယင်း စစ်ကားများ မုံးကိုးသို့ မဝင်ရောက် လာသေးကြောင်း သိရသည်။

မုံးကိုး အရှေ့ဘက် ဖေါင်းဆိုင် ဘက်သို့လည်း စစ်ကား (၇)စီးနှင့် စစ်သားများ ယနေ့ ၀င်ရောက်လာကြောင်း ဒေသခံများ ဆိုပါသည်။

မြန်မာ စစ်အင်အား အလုံးအရင်း ချီတက်လာခြင်း ရည်ရွယ်ချက်သည် ‘တပ် အပြောင်းအလဲ အတွက် လား သို့မဟုတ် စစ်ရေးပြင်ဆင်မှု လား’ ဆိုသည့် အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အစိုးရနှင့် NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA လက်မှတ် ရေးထိုးခြင်း မရှိသေးသော အထက်မြန်မာပြည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (၇)ဖွဲ့က အစိုးရနှင့် အခြားနည်းလမ်း အသစ်ဖြင့် နိုင်ငံရေးဆွေးနွေးရန် ‘ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်း ဆွေးနွေးရေး ကော်မတီ’ ကို ဖွဲ့စည်းကြောင်း ဧပြီ ၁၉ ၎င်းတို့၏ ပန်ခမ်း ထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။

ယင်း အဖွဲ့ (၇)ဖွဲ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ၏ ခေါင်းဆောင် တာဝန်ကို လက်ရှိ တာဝန် ယူနေသော ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA) နှင့် အခြား
‘၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (MNTJP/MNDAA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ ပါ၀င်သည်။

ယခု ထုတ်ပြန်ချက် ထွက်လာပြီး ငါးရက်အကြာ ရာပေါင်းများစွာသော မြန်မာ စစ်သားများ ရှမ်းပြည်မြောက်ပိုင်းသို့ ချီတက်လာခြင်း ဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...