အဖမ်းခံ မုံးကို ကချင်ခရစ်ယာန်ဆရာ နှစ်ပါး ကို မူဆယ်ရဲစခန်းသို့ လွှဲပြောင်း

အဖမ်းခံ မုံးကို ကချင်ခရစ်ယာန်ဆရာ နှစ်ပါး ကို မူဆယ်ရဲစခန်းသို့ လွှဲပြောင်း
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကို ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC အသင်းတော် အမှုတော်ဆောင် ဆရာ ၂ ပါးကို မတရား မြန်မာစစ်တပ်မှ ထိန်းချုပ်ထားရာမှ ယခု မူဆယ် မြို့မ ရဲစခန်းကို လွဲပြောင်းခဲ့ပြီး မိသားစုနှင့် အသင်းတော်လူကြီးများကို တွေ့ဆုံခွင့် ပေးခဲ့သည်။

အသက် ၆၅ နှစ် သင်းထောက် Dumdaw Nawng Lat (ဒွမ်ဒေါ့နောင်လတ်) နှင့် အသက် ၃၅ နှစ် ဓမ္မဆရာ Langjaw Gam Seng (လန်ဂျော် ဂမ်ဆိုင်း) တို့ နှစ်ဦး ကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အား ကူညီပေးမှု မသင်္ကာမှုနှင့် ဒီဇင်ဘာ ၂၄ ရက်နေ့ မုံးကို စစ်ဗျူဟာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့ အဆိုပါ အမှုတော်ဆောင် ဆရာ နှစ်ပါး ကို သွားရောက်တွေ့ဆုံခဲ့သည့် KBC မုန်မောင်ဇုံနယ် အသင်းတော် အတွင်းရေးမှုး Sara Zau Ra (ဆရာ ဇော်ရာ) က အခြေအနေကို အခုလို ပြောပါသည်။

“သူတို့ နှစ်ဦး ကို ကြည့်ရတာ ကျန်းမာရေး ကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် အရမ်း စိတ်မကောင်းတော့ ဖြစ်နေတယ်။ တခြား ရိုက်နက်တာလည်း မရှိဘူး လို့ ဆရာ နှစ်ယောက် ပြောတယ်။”

ဆရာ နှစ်ပါး ဒီဇင်ဘာ ၂၄ ရက်နေ့ ည ဖမ်းဆီး ခံရချိန်မှ ဇန်နဝါရီ ၂၂ ရက်နေ့ အထိ မြန်မာ စစ်တပ် Nampaka (နမ့်ဖတ်ကာ) နယ်မြေခံ ခလရ ၁၂၃ တပ်စခန်းတွင် ထိန်းချုပ်ခံခဲ့ရ ပြီးနောက် မူဆယ် ရဲစခန်းကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ယခုချိန်ထိ အထက်အမိန့် တစ်စုံတရာ မရသေးသဖြင့် ဒီအတိုင်း ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု ရဲတာဝန်ရှိသူက ဆိုခဲ့ကြောင်း Sara Zau Ra က ပြောသည်။

မိသားစုဝင်များ နှင့်လည်း ယမန်နေ့ က တွေ့ဆုံခွင့် ပေးခဲ့ကြောင်း သိရသည်။

လောလောဆယ် ဒီအမှုနှင့် ပတ်သက်ပြီး “တပ်မတော်ဘက်က စွဲထားတဲ့ ပုဒ်မ ရဲစခန်းကို ချပြမှ ကျနော်တို့ KBC ဘက်ကလည်း အစိုးရကို ဘယ်လိုတောင်းဆိုသွားမယ်ဆိုတာ အဲချိန်မှ သိမယ်။ အခုတော့ သူတို့လည်း ဘာမှ မချရသေးဘူး” ဟု Sara Zau Ra က ဆက် ပြောသည်။

တပ်မတော်ဘက်က ဖမ်းဆီးခံ KBC ဆရာ နှစ်ပါး ကို ‘၂၀၁၆ ဖေဖော်ဝါရီလ KIA တပ်မဟာ ၆ အသစ် ဖွဲ့စည်းခြင်း အဖွင့် ဆုတောင်းပွဲမှာ ပါဝင်မှု၊ ပြည်ပ မီဒီယာများနှင့် ဆက်သွယ်ပြီး တပ်မတော် ဂုဏ်သိက္ခာကျဆင်းစေမှု အပြင် တော်လှန်ရေးအဖွဲ့ကို ကူညီမှု’ စတဲ့ အချက်တွေနှင့် တရားစွဲထားခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါ သင်းထောက် Dumdaw Nawng Lat နှင့် Sara Langjaw Gam Seng တို့ နှစ်ဦးမှာ မည်သည့် လက်နက်ကိုင်အဖွဲ့နှင့်မျှ မဆိုင်ဘဲ အမှုတော်လုပ်ငန်းကို တာဝန်ကျေကျေ လုပ်ဆောင်နေသည်မှာ မုန်းကို အသင်းသားများ အားလုံး သက်သေပင် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့ KBC အဖွဲ့ချုပ် က ၄င်း၏ Facebook စာမျက်နှာမှာ ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ HRW နှင့် Fortify Rights တို့ကလည်း ဆရာ နှစ်ပါး အား ဥပဒေမဲ့ ဖမ်းဆီးထားမှုကို ချက်ချင်းလွတ်ရန် သို့မဟုတ် တရားဥပဒေအတိုင်း တရားစွဲဆိုရန် ယမန်နေ့က ထပ်မံ တောင်းဆိုထားသည်ကို တွေ့ရသည်။

ဆရာ နှစ်ပါး ကို ဖမ်းဆီးထားခြင်း မရှိကြောင်း တပ်မတော်က ငြင်းဆိုနေရာမှ KBC အဖွဲ့ချုပ် အပြင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ တောင်းဆိုမှုများကြောင့် ဇန်နဝါရီ ၁၉ ရက်ည ၄င်းတို့ ဖမ်းဆီးထားသည်ဟု တပ်မတော် ဘက်က တရားဝင် ဝန်ခံခဲ့သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...