အမည်မသိ အဖွဲ့တစ်ခုမှ ခေါ်ဆောင် ခံရသူ ကျောက်ကလေ ကျေးရွာသား လေးဦးနှင့် မိသားစုများ အဆက်မသွယ်မရ၍ စိုးရိမ်

အမည်မသိ အဖွဲ့တစ်ခုမှ ခေါ်ဆောင် ခံရသူ ကျောက်ကလေ ကျေးရွာသား လေးဦးနှင့် မိသားစုများ အဆက်မသွယ်မရ၍ စိုးရိမ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်ကလေကျေးရွာမှ အရပ်သား ၄ ဦးအား အမည်မသိသော အဖွဲ့တစ်ခုမှ ခေါ်ဆောင်သွားသည်မှာ (၄) ရက်ခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း မိသားစုများနှင့် ယခုအချိန်ထိ အဆက်အသွယ်မရသဖြင့် အထူးစိုးရိမ်နေကြောင်း သတင်း ရရှိသည်။

“ ကျွန်မတို့ ကျောက်ဖြူမြို့ပြင် ဦးဥတ္တမ ပန်းခြံ အနီးသဗ္ဗာန်ချောင်းလမ်းမှာရှိတဲ့ အဆောက်အဦ တစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ သိရတဲ့ အတွက် ဒီလ ၂၃ ရက်နေ့က သွားမေးပါတယ်။ အစိုးရအဖွဲ့ တစ်ခုရဲ့ ရုံးလို့ သိရပါတယ်။ အဖိုးကြီး တစ်ဦးက ထွက်လာပြီး သူတို့ မရှိတော့ဘူး။ ယူသွားပြီ လို့ ပြောပါတယ်။ ဘယ်ကို ယူသွားသလဲမေးတော့ သူတို့လည်း မသိဘူးလို့ ပြောပါတယ်” ဟု ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးသိန်းလှိုင်၏ ဇနီးဖြစ်သူက ပြောသည်။

ကျောက်ကလေရွာမှ ခေါ်ဆောင်ခံရသူ ၄ ဦးမှာ ဦသိန်းလိူင်၊ ငမဲဦး၊ ညီညီနိုင်နှင့် ကားပိုင်ရှင် ထူးထူးမောင်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၄ ဦးထဲမှ ဦသိန်းလိူင်၊ ငမဲဦး၊ ညီညီနိုင်တို့မှာ တာတမံ ဆည်ဖို့ရာတွင် အလုပ် လုပ်နေကြသူများ ဖြစ်ကြပြီး ယခုလ ၁၇ ရက်နေ့ ညဉ့်က ယင်းတာတမံ ဆည်ဖို့ရာတွင် အိပ်နေစဉ် စစ်သား အချို့ ရောက်ရှိလာပြီး ရိုက်ပုတ် ထုထောင်းမှုကို ခံခဲ့ကြသူများ ဖြစ်ကြသည်ဟု သိရသည်။

“ အဲဒီ သုံးဦးထဲမှာ ညီညီနိုင်က အများဆုံးခံရပါတယ်။ ထမင်းစားရင် အော့အန်ပါတယ်။ ဒီလ ၂၂ ရက်နေ့က အဖွဲ့တစ်ခု ရွာကို ရောက်လာပြီး သူတို့ကို ဆေးကုပေးမယ်။ ခဏ ခေါ်သွားမယ်ဆိုပြီး ဦးသိန်းလှိုင်နဲ့ ညီညီနိုင်ကို ခေါ်သွားပါတယ်။ ကျွန်မတို့ကလည်း ရိုးရိုးတန်းတန်း သဘောထားပြီး ဘာမှ ဟန့်တားမှုတွေ မလုပ်ဘဲ ထည့်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ငမဲဦးက ရွာအပြင်ကို ရောက်နေတဲ့ အတွက် သူ့ကို လာပို့ပါလို့ ကားပိုင်ရှင် ဦးထူးထူးမောင်ကို မှာခဲ့တဲ့ အတွက် ဦးထူးထူးမောင်က ညနေပိုင်း မော်တော်ဆိုင်ကယ်နဲ့ သွားပို့တော့ သူတို့နှစ်ဦးလည်း ပြန်မလာတော့ပါဘူး။ ထိန်းသိမ်း ခံထားရတယ် လို့ ပြောပါတယ်။ အက်စ်ဘီလား၊ စရဖလား၊ ဘယ်အဖွဲ့လည်းဆိုတာ ကျွန်မတို့လည်း တိတိကျကျ မသိဘူး။ သူတို့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်” ဟု ဦးသိန်းလိူင် ဇနီးဖြစ်သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာမှ ကျောက်ဖြူမြို့နယ် ရဲစခန်း၊ ဇင်ချောင်းရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားသည်။

စိုးရိမ်နေကြသော မိသားစုများက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဇင်ချောင်းစခန်းမှူးအား ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အသိပေး တိုင်ကြားထားသည်ဟု သိရသည်။

အသက် ၁၈ နှစ် အရွယ်ငမဲဦး၏ မိခင်ကမူ မည်သည့် ကိစ္စကြောင့် ယခုကဲ့သို့ ခေါ်ယူသွားသည်ကို မသိရသည့် အပြင် အဆက်အသွယ်လည်း မရဘဲ ဖြစ်နေသဖြင့် အထူးစိုးရိမ်နေကြောင်း ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...