စစ်တွေမင်းဂံမှ နောက်ထပ် လူငယ် တစ်ဦး အဖမ်းခံရ

စစ်တွေမင်းဂံမှ နောက်ထပ် လူငယ် တစ်ဦး အဖမ်းခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ အကွက် (၃) မှ ရခိုင်လူငယ် တစ်ဦးဖြစ်သူ အောင်သန်းထွန်းကို စရဖ ဟု ယူဆရသော လူတစ်စုက လဘက်ရည်ဆိုင် တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ညီဖြစ်သူ ကိုအောင်စောထွန်းက နိရဥ္စရာသို့ ပြောဆိုသည်။

“ သူက မန္တလေးက ရောက်နေတဲ့ ဦးလေးတော်သူတစ်ဦးကို လိုက်ပြနေစဉ် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရတာ ဖြစ်ပါတယ်။ သူက အဲသလို လိုက်ပြနေစဉ် အကွက် (၁၀) က လဘက်ရည်ဆိုင်တစ်ခုမှာ လဘက်ရည် သောက်နေတုန်း ကားအဖြူ တစ်စီးနဲ့ စရဖကလို့ ယူဆရတဲ့ လူ ခြောက်ဦး ရောက်ရှိလာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာပါ” ဟု ညီဖြစ်သူက ပြောဆိုသည်။

အောင်သန်းထွန်းမှာ ယခု အခါ စစ်တပ်ထဲတွင် ရှိနေသည်ဟု ကြားသိရပြီး မေးမြန်းခွင့် မရှိဟု ဆိုသဖြင့် စုံစမ်းမေးမြန်း၍ မရကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ ဖမ်းခေါ်သွားတာက ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဖမ်းတာလဲလို့ ကျွန်တော်ဦးလေး ဦးစောလှထွန်းက မေးတာတောင် သူ့ကိုပါ သေနတ်နဲ့ ထောက်ထားတယ်လို့ သိရပါတယ်။ မေးပိုင်ခွင့် မရှိဘူးလို့ ပြောတယ်လို့ ဆိုပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

အောင်သန်းထွန်းမှာ အသက် (၃၀) ကျော် အရွယ်ဖြစ်ပြီး သံတိုသံကောက် လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ စျေးကြီးမှ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း  ရခိုင်လူငယ်နှစ်ဦးဖြစ်ကြသည့် ကိုဆန်းဝင်းထွန်း နှင့် အာနိုး (ခေါ်) ကျော်စိုးမိုးတို့ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှု သံသယဖြင့် စရဖ အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု အဖမ်းခံရသူများ ဆွေမျိုးများက ပြောသည်။

စစ်တွေမြို့ မင်းဂံ ရပ်ကွက် နိုင်တည်းခိုခန်းမှလည်း လွန်ခဲ့သော နှစ်ပတ်ခန့်က လူငယ် နှစ်ဦးဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသဖြင့် စစ်တွေမြို့ပေါ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူမှာ ယနေ့ အချိန်ထိ စုစုပေါင်း (၅) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...