စစ်တွေစျေးကြီးမှ လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

စစ်တွေစျေးကြီးမှ လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား
by -
နိရဥ္စရာ
စစ်တွေမြို့ စျေးကြီးမှ ရခိုင်လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုများက နိရဥ္စရာသို့ ပြောကြားသည်။

အဖမ်းခံရသူ နှစ်ဦးမှာ ကိုဆန်းဝင်းထွန်း နှင့် အာနိုး (ခေါ်) ကျော်စိုးမိုးတို့ ဖြစ်ကြသည်ဟု သိရသည်။

ကိုဆန်းဝင်းထွန်း အစ်မဖြစ်သူက “ စစ်တပ်က ဖမ်းသွားပါတယ်။ မနေ့က နေ့လယ် တစ်နာရီမှာပါ။  ပထမတော့ အရပ်ဝတ်နဲ့ သုံးယောက်လာပါတယ်။ နောက်ယူနီဖောင်းနဲ့ သုံးယောက်လာပါတယ်။ သေနတ်တွေကို မောင်းတင်ပြီး ဖမ်းတာပါ။ ကျွန်မတို့လည်း အနားကို မကပ်ဝံ့ပါ” ဟု ပြောသည်။

ကိုဆန်းဝင်းထွန်း နှင့် အာနိုး (ခေါ်) ကျော်စိုးမိုးတို့မှာ အသက် (၃၀) ပတ်ဝန်းကျင် အရွယ်များ ဖြစ်ကြပြီး စစ်တွေစျေးကြီးထဲတွင် ငါးအရောင်းအဝယ် လုပ်နေကြသူများဟု အစ်မ ဖြစ်သူက ပြောသည်။

အာနိုး(ခေါ်) ကျော်စိုးမိုး အစ်မဖြစ်သူကလည်း ဖမ်းဆီးရာတွင် ဘာဝရမ်းမှလည်း မပါဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ မည်သည့် အတွက် ဖမ်းဆီးခြင်း ဖြစ်သည်ကို မသိရှိရကြောင်း၊ ဖမ်းဆီးခံရသူနှစ်ဦးကို မျက်နာကို အဝတ်အနက်ဖြင့် ဖုံးအုပ်ကာ ကားပေါ်သို့ တင်ဆောင်သွားကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းအတွက် စစ်တွေအမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းခေါ်ဆို၍ မရသဖြင့် စစ်တွေ အမှတ် (၂) ရဲစခန်းသို့ ဆက်သွယ်ရာ စျေးကြီးမှ ဖမ်းသည်ဆိုလျင် အမှတ်(၁) နှင့်သာ သက်ဆိုင်၍ ယင်းသို့ ဆက်သွယ် မေးမြန်းပါဟု ပြောကြားသည်။ ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးနေမျိုးသို့ ဆက်သွယ်ရာတွင် ရသေ့တောင်မြို့သို့ ရောက်နေ သဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။

ရခိုင်ပြည်နယ် အတွင်း လူငယ်အများအပြားကို ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှုသံသယဖြင့် လိုက်လံ ဖမ်းဆီးမှုများရှိနေရာ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာမှ လူမှုရေး ဆောင်ရွက်နေသူ ကိုမောင်အေးနှင့် နောက်နှစ်ဦးကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...