လူမှုရေးပြသနာများဖြေရှင်းရန် ပျားတောင်ဒေသခံတို့ လူမှုဖွံ့ဖြိုးရေးအသင်းဖွဲ့စည်း

လူမှုရေးပြသနာများဖြေရှင်းရန် ပျားတောင်ဒေသခံတို့ လူမှုဖွံ့ဖြိုးရေးအသင်းဖွဲ့စည်း
by -
နိရဥ္စရာ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဒွန်၊ ကော့ပနောအနီးတဝိုက်ရှိ ပျားတောင်ဒေသခံများက ဒေသတွင်း ကုမ္မဏီများ ဝင်ရောက်မှု များပြားလာခြင်းကြောင့် နောင်ဖြစ်ပေါ်လာမည့် လူမှုရေးပြသနာများကို ဖြေရှင်းရန်ရည်ရွယ်ပြီး လူမှုဖွံ့ဖြိုးရေးအသင်း ကိုု စတင်ဖွဲ့စည်းလိုက်သည်။

၎င်းအဖွဲ့အစည်းကို ဒေသတွင်းရှိ ဆရာတော်အပါး (၂၀) ဝန်းကျင်မှ ဦးဆောင်၍ ဒေသခံရွာသူရွာသားများ (၁၀၀) ဝန်းကျင်ခန့် ပါဝင်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့က ကော့ဒွန်ကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ကွမ်းငန်းရွာ ဘုန်းတော်ကြီးကျောင်းမှ အရှင်ကေသရက “ဦးဇင်းတို့ ဒီအဖွဲ့အစည်းကို ဖွဲ့တာ တခြားတစ်ဦးတစ်ယောက်ကို တိုက်ခိုက်ဖို့၊ အကျိုးစီးပွားကို ဖျက်ဆီးဖို့ မဟုတ်ဘူး။ ဦးဇင်းတို့ဒေသမှာ ကုမ္မဏီတွေ အများကြီး ဝင်လာနေတယ်။ အခုတော့ ပြဿနာကြီးကြီးမားမားတော့ မရှိသေးဘူး။ နောင်ဖြစ်လာရင် ကာကွယ်ဖို့ ဖွဲ့စည်းလိုက်တာပါ” ဟု မွန်သတင်းအေဂျင်စီသို့ မိန့်ဆိုသည်။

အဆိုပါကုမ္မဏီတို့သည် အများအားဖြင့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေကြောင်း၊ ဘိလပ်မြေစက်ရုံ တည်ဆောက်နေသည့် MCL ကုမ္မဏီသည် ကျောက်မီးသွေးစွမ်းအင်ဖြင့် လျှပ်စစ်မီးထုတ်လုပ်မည့်ကိစ္စကို ဒေသခံများအား မပြောပြခဲ့ဖူးကြောင်း၊ မိုင်းများ မဖောက်ခွဲစဉ်ကာလ၌ အသံမထွက်စေရဟု ကတိပေးခဲ့သော်လည်း  ယခုအခါ ကျောက်တောင်များကို မိုင်းခွဲရာတွင် မြေကြီးတုန်ခါမှုဖြစ်ပေါ်နေသည်ဟု အရှင်ကေသရက ဆက်လက်မိန့်ကြားသည်။

ထိုဒေသတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကုမ္မဏီများအနက် အကြီးစားကုမ္မဏီတစ်ခုဖြစ်သည့် MCL ဘိလပ်မြေစက်ရုံသည် ၄င်းတို့စက်ရုံ လည်ပတ်နိုင်ရန် လိုအပ်သည့် လျှပ်စစ်ဓါတ်အားများကို ကျောက်မီးသွေး စွမ်းအင်နှင့် ထုတ်လုပ်မည်ဟု သတင်းများ ထွက်ရှိလာသဖြင့် ဒေသခံများ စိုးရိမ်လျှက်ရှိကြသည်။

ကော့ဒွန်းရွာမှ နိုင်ပလိုင်က “အရင်တုန်းက ကုမ္မဏီ ကိုယ်စားလှယ်တွေ ရွာကိုလာပြီး ဘိလပ်မြေထုတ်လုပ်ဖို့ပဲ ပြော တယ်။ ကျောက်မီးသွေးသုံးရမယ်လို့ မပြောဘူး။ အခု ကျောက်မီးသွေးစွမ်းအင်နဲ့ လျှပ်စစ်မီး ထုတ်မယ်လို့ သိထားရတယ်” ဟု ဆိုသည်။

အဆိုပါ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည်ဆိုပါက အန္တရာယ်ရှိသည်ဟု သိထားကြောင်း၊ နောင်လာမည့် မျိုးဆက်သစ်များ၊ သားစဉ်မြေဆက် အတိဒုက္ခရောက်စေမည့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည်ကို ကန့်ကွက်လိုကြောင်း၊ တစ်ဦးတစ်ယောက်အနေဖြင့် ကန့်ကွက်မည်ဆိုပါက မလွယ်ကူကြောင်း၊ အဖွဲ့အစည်းများဖြင့် ကန့်ကွက်နို်င်မှ ပိုမိုထိရောက်နိုင်ကြောင်း နိုင်ပလိုင်က ဆက်ပြောသည်။

ကျိုက်မရောမြို့နယ် ကော့ဒွန်း၊ ကော့ပနော့ကျေးရွာအနီးတဝိုက် တည်ဆောက်ဆဲဖြစ်သည့် MCL မော်လမြိုင်ဘိလပ်မြေ စက်ရုံလုပ်ငန်းခွင် လည်ပတ်နိုင်ရန်အတွက် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓါတ်အား (၄၀) မဂ္ဂါဝပ် ထုတ်လုပ်မည့် ပစ္စည်းကိရိယာများ စက်ရုံအတွင်းသို့ ရောက်ရှိနေပြီး မကြာခင် လည်ပတ်တော့မည် သတင်းများထွက်ပေါ်နေသည်။

အဆိုပါ ဘိလပ်မြေစက်ရုံ၏ လုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဒေသခံများ နားလည် သဘောပေါက်စေရန် သက်ဆိုင်ရာ ကုမ္ပဏီအနေဖြင့် ရှင်းပြခဲ့ခြင်း မရှိကြောင်း၊ ဒေသခံနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို စက်ရုံတွင်းနှင့် ပတ်ဝန်းကျင်အနီးတဝိုက်တွင် ကုမ္ပဏီက လေ့လာခွင့် မပြုကြောင်း သိရသည်။
၎င်းမော်လမြိုင်ဘိလပ်မြေစက်ရုံကို ထိုင်းဘတ်ငွေ (၁၂,၄၀၀) သန်း ရင်းနှီးမြုပ်နှံကာ တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် (၅၀၀၀) ခန့် ထုပ်လုပ်မည်ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်မှုကို ၂၀၁၄၊ ဇန်နဝါရီလက အကောင်အထည်ဖေါ်ခဲ့ပြီး ၂၀၁၆ မတ်လခန့်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း စက်ရုံတည်ဆောက်ရေးကုမ္ပဏီမှ ထုတ်ဖေါ် ပြောဆိုထားသည်။

 ကော့ဒွန်ကျေးရွာအစည်းအဝေး(MNA)

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...