“ ကျွန်တော်တို့ အတင်းအကျပ် မပြောင်းရွှေ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်ရောက်တော့ ဘုန်းကြီးတွေက ပြောတယ်။ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် အလှူအတန်းတွေရှိတော့ ရေရှည် ကျောင်းမှာနေထိုင်တာကို ရွာက တကာ တကာမတွေက သဘောမတွေ့ဘူး။ ဆရာတော်က ရေရှည် ကျောင်းမှာ ထားလို့ မသင့်တော်ဘူးလို့ ပြောတယ်။ သူတို့ကို မေးကြည့်တော့လဲ ရွာကိုလည်း မပြန်ချင်ကြပါဘူး။ တချို့က မေးတယ်။ ဆွေမျိုးအိမ်တွေမှာ နေလို့ရမလားလို့ ကျွန်တော်တို့ကို မေးတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက နေလိုတယ်လို့ ပြောတယ်။ ကျွန်တော်ရှိပါတယ်။ ဒါလောက်ပါဘဲ။ ခရိုင် အုပ်ချုပ်ရေးမှူးက ဆွေမျိုးတွေ အိမ်ကို ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ အဲသလို ပြောတာ မဟုတ်ပါဘူး” ဟု ပြည်နယ် ၀န်ကြီးချုပ်က ပြောသည်။
သူတို့အနေဖြင့် ဘုန်းကြီးကျောင်းတွင် နေထိုင်ရန်လည်း အခက်ခဲရှိနေပြီး ရွာကိုလည်း မပြန်နိုင်ကြသေးဘဲ ဖြစ်နေသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များ အရေးကို မည်သို့ ဆက်လက် ဆောင်ရွက်ပါမလဲဟု မေးမြန်းရာ ပြည်နယ် ၀န်ကြီးချုပ်က ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့ စီစဉ်နေပါတယ်။ သင့်တော်တဲ့ နေရာကို ကြည့်နေပါတယ်။ ဘယ်လို စီစဉ်မလဲဆိုရင် အခု အခြေအနေကို ကြည့်နေပါတယ်။ ဘာမှ မဆုံးဖြတ်ရသေးဘူး” ဟု ၀န်ကြီးချုပ်က ပြောသည်။

ရခိုင်ပြည်နယ် ယာယီ ၀န်ကြီးချုပ် ဦးမြအောင်သည် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျီးရာပြင်၊ စေတီတောင် ရွာသစ်သို့ သွားရောက်ပြီး စစ်ရှောင် ကျေးရွာသားများနှင့် တွေ့ဆုံခဲ့သည်
ကျီရာပြင်ကျေးရွာမှ လူမှုရေးဆောင်ရွက်နေသူ အမျိုးသမီး တစ်ဦးက “ ဒုက္ခသည် ရွာသားတွေက အိမ်ပြန်ချင်ကြပါတယ်။ ဒါပေမယ့် မြို့နယ်က လူကြီးတွေ ပြောတာက အဲဒီရွာတွေဟာ ပြည်ထဲရေး ၀န်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကျေးရွာတွေ မဟုတ်တဲ့အတွက် လုံခြံုရေး တာဝန် မယူနိုင်ဘူးလို့ ပြောတယ်။ ဒါကြောင့် သူတို့ မပြန်နိုင်ကြတာပါ။ အခုတော့ အနာဂတ် ရပ်တည်ရေးအတွက် သူတို့အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတာကို တွေ့နေရပါတယ်” ဟု ပြောသည်။
လက်ရှိ အချိန်တွင် ကျီးရာပြင်တွင် စစ်ရှောင် ဒုက္ခသည် ၁၁၆ ရှိပြီး စေတီတောင်ရွာသစ်၊ ရွာမပြင် ကျေးရွာတို့တွင် ရောက်ရှိနေသူများနှင့် ပေါင်းလျင် စုစုပေါင်း ဒုက္ခသည် ၂၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။







