ပေါက်တောမြို့နယ်တွင် နှစ်ရာချီ သက်တမ်းရင့် ညောင်ပင်အကိုင်းခုတ်၍ လူ ၅ ဦး တရားစွဲခံရ

ပေါက်တောမြို့နယ်တွင် နှစ်ရာချီ သက်တမ်းရင့် ညောင်ပင်အကိုင်းခုတ်၍ လူ ၅ ဦး တရားစွဲခံရ
by -
နိရဥ္စရာ
ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း ပိန္နဲချောင်းကျေးရွာရှိ နှစ်ရာချီသက်တမ်းရင့် ညောင်ပင်မှ ညောင်ကိုင်းကို ခုတ်၍ ပါ၀င်ပတ်သက်သူ လူ ၅ ဦးကို ပေါက်တောမြို့မ ရဲစခန်းတွင် ကျေးရွာခွဲ အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ ဇန်နဝါရီလ ၁၁ ရက်နေ့က တရားစွဲဆို လိုက်သည်ဟု သိရသည်။

အဆိုပါညောင်ပင်သည် ပိန္နဲချောင်းကျေးရွာ၏ အနောက်ဘက်တွင် တည်ရှိပြီး လက်တောင် ၅၀ ခန့် ပတ်လည်ရှိကာ ညောင်ပင် အလယ်တွင် စေတီတစ်ဆူရှိသည်ဟု ကြားဖူးကြောင်း၊ အဆိုပါညောင်ပင်တွင် ကဆုန်ညောင်ရည်သွန်းခြင်း၊ ညောင်ပင်အောက် တွင် ကျွန်းလုံးဆိုင်ရာ အစည်းအဝေးကျင်းပခြင်းနှင့်် ကျောင်းသူ ကျောင်းသားများ ဆော့ကစားလေ့ရှိသည့် အများကိုးကွယ်ရာ၊ အသုံးချရာ အပင်တစ်ပင်ဖြစ်သည်ဟု ကျေးရွာသားတစ်ဦးထံမှ သိရသည်။

“၂၀၁၂ ခုနှစ်က ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းတုန်းက အဲ့ဒီညောင်ပင်အောက်မှာပဲ ရွာ ၄၅ ရွာက ကျေးရွာသားတွေ အစည်းအဝေး လုပ်ခဲ့တာ လူ ၈၀၀ လောက် တက်ရောက်ပါတယ်။ ကျွန်တော့်ရဲ့ အဖီးလက်ထက်ကတည်းက အဲ့ဒီညောင်ပင်ဟာ ဒီတိုင်းပဲ အပင်ကြီးတစ်ပင်ဖြစ်တယ်ဆိုတော့ နှစ်ရာချီရှိနေတဲ့ ညောင်ပင်တစ်ပင်ဖြစ်ပါတယ်”ဟု အဆိုပါ ရွာသားက နိရဥ္စရာသတင်းဌာန သို့ ပြောသည်။

အဆိုပါညောင်ပင်တည်ရှိရာကွင်းသည် တစ်ဧကခန့်ရှိပြီး ကွင်းပတ်ပတ်လည်တွင် ကုက္ကိုလ်ပင်ကြီးများ တည်ရှိကာ ကျောင်းသားစုံ ညီပွဲနှင့် အခြားပွဲများ ကျင်းပသည့်နေရာလည်း ဖြစ်သည်ဟု ဆိုသည်။

ညောင်ပင်သည် ကွင်း၏ တောင်ဘက်မျက်နှာစာတွင် တည်ရှိပြီး မြောက်ဘက်မျက်နှာစာတွင် ကျောက်ဖြင့် ပြုလုပ်ထား သည့် ရှေးဟောင်း စေတီကြီးတစ်ဆူရှိကြောင်း သိရသည်။

အဆိုပါညောင်ပင်မှ လက်တောင် ၃၀ ခန့်ရှိ ညောင်ကိုင်း ၂ ကိုင်းကို ၂၀၁၀ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်က အပေါ်ဆုံးအကိုင်းကို တစ်ကြိမ်ခုတ်၍ တားမြစ်ဖူးကြောင်း၊ ယခု ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က တစ်ကြိမ်ခုတ်၍ စာထုတ်ပြီး တားမြစ်ရာ လက်မခံသည့်အပြင် နောက်တစ်ခေါက် လာတားလျှင် ဓါးဖြင့်ခုတ်မည်ဟု ခြိမ်းခြောက် ပြောဆို၍ တရားစွဲဆိုရခြင်းဖြစ်သည်ဟု သိရသည်။

“ခြိမ်းခြောက်မှု၊ ဆဲဆိုမှုနဲ့ လူအများတကာ ကြည်ညိုကိုးကွယ်နေတဲ့ အရာဝတ္ထု၊ အဆောင်အယောင်တွေကို ဖျက်ဆီးမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်”ဟု ပိန္နဲချောင်းကျေးရွာမှ ကျောင်းကော်မတီ ဥက္ကဋ္ဌက ပြောသည်။

တရားစွဲဆိုထားသည်မှာ မှန်ကန်ပြီး ညောင်ပင်ခုတ်သူများကို အရေးယူနိုင်ရန် ရဲကဖမ်းဆီးပြီး ခံဝန်ချက်ဖြင့် လွှတ်ပေးလိုက်သည်ဟု သိရသည်။

“ညောင်ပင်ခုတ်တာကလည်း အများသူငါ ကိုးကွယ်နေတဲ့ ညောင်ပင်ဖြစ်တဲ့အတွက် ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်ထားပါတယ်။ နောက် ဆဲဆိုမှု၊ ခြိမ်းခြောက်မှုနဲ့လည်း ဖွင့်ထားပါတယ်။ ညောင်ပင်ကလည်း အများသူငါ ညောင်ရည်သွန်းနေတဲ့ ညောင်ပင် တစ်ပင်ဖြစ်ပါတယ်။ သူတို့ ၅ ယောက်ကို ရဲကဖမ်းဆီးပြီးတော့ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်”ဟု ပေါက်တောမြို့မ စခန်းမှူး ဒုရဲမှူး ဘစုက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အလားတူ အများသူငါ ကိုးကွယ်သည့် ညောင်ပင်ကိုခုတ်၍ တိုင်ကြားမှုမျိုး မရှိဖူးကြောင်း စခန်းမှူးထံမှ သိရသည်။

ပိန္နဲချောင်း ကျေးရွာတွင် ကျောင်းဟောင်း၊ ကျောင်းသစ် ဆိုပြီး ဘုန်းတော်ကြီးနှစ်ကျောင်းရှိပြီး ကျောင်းဟောင်း ကိုးကွယ်သူများက ခုတ်ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...