စစ်တွေတွင် ရခိုင်လူငယ်နှစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

စစ်တွေတွင် ရခိုင်လူငယ်နှစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ
by -
နိရဥ္စရာ
ရန်ကုန်မှလာသည့် ရခိုင်လူငယ်နှစ်ဦးကို စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ နိုင်တည်းခိုခန်းတွင် တည်းခိုနေစဉ် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်က ရဲနှင့် စရဖတို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

Arrested“သူတို့နှစ်ဦးဟာ ရန်ကုန်က ပြန်လာသူတွေလို့ သိရပါတယ်။ နိုင်တည်းခိုခန်းမှာ တည်းဖို့လာတဲ့ ရခိုင်လူငယ်နှစ်ဦးကို ဖမ်းဆီးသွားပါတယ်။ ဖမ်းပြီးတာနဲ့ လက်ထိပ်ခပ်၊ မျက်နှာဖုံး စွပ်ပြီးတော့ ခေါ်ဆောင်သွားပါတယ်။ လေ့လာကြည့်တော့ ကချင်ပြည်နယ် ဖားကန့်က ကျောက်တူးပြီး ပြန်လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ရဲနဲ့ စရဖ က ဖမ်းဆီးခေါ်ဆောင်သွားတာပါ”ဟု ၀ံလက်ဖေါင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

သူတို့သည် AA အဖွဲ့ဝင်များလား၊ ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုသည်ကို အတိအကျ မသိရှိရသေးပါ။

စစ်တွေမြို့မှ ရဲစခန်းမှ ရဲအုပ် အေးခင်မောင်အား ဆက်သွယ်မေးမြန်းရာ သူက  “ ဖမ်းတာ မှန်ပါတယ်။ မှုခင်းကိစ္စတွေပါ။ ဘာကိစ္စလည်းဆိုတာတော့ အတိအကျမသိရသေးပါဘူး။ သိတဲ့အခါ ပြောပြပေးပါ့မယ်”ဟု  နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အလားတူ ဇန်ဝါရီလ ၉ ရက်နေ့ကလည်း တောင်ကုတ်မြို့တွင် ရက္ခိုင့်တပ်မတော် Arakan Army (AA) မှ တပ်ဖွဲ့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး တပ်မတော်သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း တောင်ကုတ်မြို့မှ ရဲစခန်းကို ကိုးကားပြီး The Ladies News Journal တွင် သတင်း ဖော်ပြသည်။

အဆိုပါ ရက္ခိုင့်တပ်ဖွဲ့ဝင် ၂ ဦးကို ရန်ကုန်သို့သွားမည့် အောင်သစ္စာ အဝေးပြေး ယာဉ် ပေါ်တွင် တောင်ကုတ်မြို့မ နယ်မြေခံ ရဲတပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အောင်သစ္စာ အဝေးပြေးယာဉ်ပေါ်တွင် ရက္ခိုင်တပ်မတော်မှ တပ်ဖွဲ့ဝင်လေးဦး  လိုက်ပါလာရာ မင်းပြားမှတစ်ဦးနှင့် ကျောက်တော်မြို့နယ်မှ တစ်ဦးတို့ကို  ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ လွတ်မြောက်သွားကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။

“ဖမ်းတာက မနေ့က ဖမ်းတယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သူတို့နှစ်ယောက်ကို ရုံးထုတ်လာပါတယ်။ တရားရုံးတင်ပြီးတော့ မျက်နှာတွေကို ပဝါနဲ့ချုပ်ပြီးတော့  အစိုးရတပ်က တပ်မတော်သုံး ကားနဲ့ တပ်ထဲကို ခေါ်သွားတာကို တွေ့လိုက်ပါတယ်။  ဘယ်ရာထူးလဲ၊ ဘယ်သူတွေလဲ ဆိုတာကိုတော့ မသိရသေးဘူး” ဟု တောင်ကုတ် မြို့မရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...