“မယူကမ်းဒေသမှာပါ၀င်တဲ့ မောင်တောမြို့နယ် ကျေးရွာ ၂ ရွာမှ ကိုယ်စားလှယ်တွေ၊ ဘူးသီးတောင်မြို့နယ် ကျေးရွာ ၁၅ ရွာမှ ကိုယ်စားလှယ်တွေနဲ့ ရသေ့တောင်မြို့နယ် ကျေးရွာ ၅၇ ရွာမှ ကိုယ်စားလှယ်တွေ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးပြုလုပ်ရတဲ့ရည်ရွယ်ချက်တော့ မယူကမ်းဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နိုင်ရန် မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်း ဖွဲ့စည်းဖို့အတွက် ဖြစ်ပါတယ်”ဟု အစည်းအဝေးဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်လုပ်ခဲ့သူ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ ဦးမောင်စောဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
မယူကမ်းဒေသတွင် လမ်း၊ တံတားနှင့် ကျောင်းများ တည်ဆောက်မှုများရှိနေသော်လည်း အရည်အသွေးပြည့်မီမှု မရှိဘဲ အဖြစ်သဘောသာ လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းသို့ လုပ်ဆောင်နေမှုများကို အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး လိုအပ်သည်များကို ထောက်ပြဖို့လိုအပ်နေကြောင်း သူက ထပ်လောင်း ပြောကြားသည်။
အစည်းဝေးတက်ရောက်သူ နောက်တစ်ဦးကလည်း “NGO တွေပဲဖြစ်ဖြစ်၊ ပြည်တွင်းက လူမှုအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် လှုပ်ရှားမှုတစ်ခုခု လုပ်ဖို့လိုအပ်လာရင် မကူကမ်းဒေသတစ်ခုလုံးအနေနဲ့ ပူးပေါင်းပါ၀င် လုပ်ဆောင်ဖို့ရယ်၊ နောက်သီးခြား လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ရယ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်တဲ့နေရာမှာလည်း ထင်သာမြင်သာ ဖြစ်လာအောင် ထောက်ပြနိုင်ဖို့အတွက် အဖွဲ့အစည်းတစ်ခု လိုအပ်လာပါတယ်”ဟု ဆိုသည်။
ယခုလက်ရှိတွင် မယူကမ်းဒေသတွင် တွေ့ရှိထားသော တိုင်တေနီယမ် ကိစ္စအတွက်လည်း လိုအပ်လျှင် အသင်းအဖွဲ့အနေဖြင့် လှုပ်ရှားဆောင်ရွက်နိုင်မည်ဟု သူက ဆက်လက်ပြောကြားသည်။
အစည်းအဝေးတွင် ယာယီကော်မတီအဆင့်ကိုသာ ဖွဲ့စည်းနိုင်ခဲ့ပြီး ဦးမောင်စောဝင်းကို ယာယီတာဝန်ခံအဖြစ် တင်မြှောက်ခဲ့ကြသည်ဟု သိရသည်။
ယခုပြုလုပ်သော အစည်းအဝေးသည် ဒုတိယအကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး တတိယအကြိမ်မြောက် အစည်းအဝေးကို လာမည့်ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာ၌ပင် ကျင်းပရန် စီစဉ်ထားပြီး အဆိုပါအစည်းအဝေးတွင် မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်းကို စနစ်တကျ ဖွဲ့သွားမည်ဟု သိရသည်။
တတိယအကြိမ်မြောက် အစည်းအဝေး မကျင်းပနိုင်သေးသည့် စပ်ကြား ကြားကာလ၌ ကော်မတီအစည်းအဝေးများကို တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး ကော်မတီအလိုက် တာဝန်ပေးမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
အစည်းအဝေးကျင်းပရာတွင် အကျွေးမွေး ကုန်ကျစရိတ်ကို ဦးသန်းနိုင်နှင့် မိသားစု ကုမ္ပဏီမှ ကူညီရန် အဆိုပြုထားပြီး၊ အစည်းအဝေးဖြစ်မြောက်ရေးအတွက် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေထံမှလည်း ၁၀ သိန်းကျပ် ကူညီမည်ဟု သိရသည်။







