သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် သံတမန်လမ်းကြောင်းများမှ လုပ်ဆောင်သွားမည်ဟုဆို

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် သံတမန်လမ်းကြောင်းများမှ လုပ်ဆောင်သွားမည်ဟုဆို
by -
နိရဥ္စရာ
စံမောင်သန်း — ထိုင်းနိုင်ငံတွင် အင်္ဂလန်နိုင်ငံသားနှစ်ဦးကို သတ်သည်ဟု စွပ်စွဲချက်ဖြင့် ကော့စမွီဒေသတရားရုံး၌ ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ်ပေးခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းလွတ်မြောက်ရေးအတွက် ရခိုင်အမျိုးသားပါတီ အနေဖြင့် သံတမန်လမ်းကြောင်းမှ လုပ်ဆောင်သွားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

“ရခိုင်အမျိုးသားပါတီအနေနဲ့ အဲ့ဒီမြန်မာနိုင်ငံသား နှစ်ယောက်လွတ်မြောက်ရေးအတွက် သံတမန်လမ်းကြောင်းကနေ ဆောင်ရွက်နိုင် ဖို့ ပါတီတွင်းထဲမှာ ညှိနှိုင်းဆောင်ရွက်သွားပါမယ်။ မြန်မာအစိုးရအနေနဲ့လည်း လိုအပ်တဲ့ သံတမန် နည်းလမ်းတွေနဲ့ ဆက်စပ်ဆောင် ရွက်ဖို့ လိုအပ် ပါတယ်။ အသစ်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ကို ဦးဆောင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်း ဒီအမှုကိစ္စကို ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုပါတယ်”ဟု ၎င်းကပြောသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံ၏ တရားစီရင်ရေးလမ်းကြောင်းအတိုင်း ဆက်လက်ပြီး အယူခံဝင်ဖို့လိုအပ်ကြောင်း၊ ထိုင်းအစိုးရ၊ ထိုင်းဘုရင်နှင့် ဘုရင့်အကြံပေးများအနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံချစ်ကြည်မှု ရေရှည်အကျိုးစီးပွားကို မျှော်ကိုးကာ လိုအပ်သလိုသုံးသပ်ပြီး အယူခံလွှာနှင့်ပတ်သက်သည့် ကဏ္ဍတွင် အလေးအနက်ထားပြီး သုံးသပ်စေချင်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၄င်း၏သဘောထားကို ပြောသည်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါ်အေးနုစိန်ကလည်း တရားရုံးတစ်ရုံးက ချမှတ်လိုက်သည့် အမိန့်သည် တရားသေမဟုတ် သည့်အတွက် အထက်တရားရုံးအဆင့်ဆင့်တွင် အယူခံက လွတ်မြောက်သည့် သာဓကများရှိသည်ဟု ဆိုသည်။

“ကျွန်မရှေ့နေ တစ်ယောက်အနေနဲ့ ပြောရရင် တရားရုံးတစ်ရုံးက ချမှတ်လိုက်တဲ့အမိန့်ဟာ တရားသေမဟုတ်ဘူး။ အထက်တရားရုံးအဆင့်ဆင့်မှာ အယူခံပိုင်ခွင့်တွေရှိပါတယ်။ အမြင်ဆိုတာလည်း တစ်ရုံးနဲ့တစ်ရုံး ထပ်တူကျသလိုဘဲ၊ မကျတဲ့သဘောတွေ ရှိတဲ့အတွက်ကြောင့် အောက်ရုံးက ချမှတ်လိုက်တာကို အထက်ရုံးမှာ ကွင်းလုံးကျွတ်လွတ်တဲ့ သာဓကတွေရှိပါတယ်။ အမှုအပေါ်မှာ အမြင် မတူမှုကြောင်း ဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌကပြောသည်။

နိုင်ငံတကာမှပင်ဖြစ်ဖြစ်၊ အရေးကြီးကိစ္စရပ်များကို အငယ်ဆုံးအဆင့်က ထောင်ဒဏ်ချမှတ်လိုက် သော်လည်း အထက်ရုံးက ကြပ်ကြပ်မတ်မတ် စိစစ်ပြီးလွှတ်ပေးသည့် သာဓက အများကြီးရှိကြောင်း၊ အထူးသဖြင့် သံခင်းတမန်ခင်းနှင့် လုပ်ရသည့်အမှုများတွင်ဖြစ်ကြောင်း သူမ၏ အမြင်ကို ပြောသည်။

ထိုင်းဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံမှ ခေါင်းဆောင်များ ထိုင်းအောက်ခြေတရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဝေဖန်ထောက်ပြမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံရဲအချင်းချင်း လုပ်ရမည့်ကိစ္စရပ်သာဖြစ်သည်ဟု တုန့်ပြန်ပြောဆိုမှုအပေါ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌက အောက်ပါအတိုင်း တုန့်ပြန် ပြောဆိုလိုက်သည်။

“နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီရင်ပိုင်ခွင့် ဆောင်ရွက်ခွင့်တွေမှာကတော့ သူ့ဘက်ကိုယ့်ဘက်တော့ ပြောကြစမြဲပါပဲ။ အခုအမှုကိစ္စက Law of Conflict ကိုယ့်နိုင်ငံသားတစ်ဦးက သူတို့နိုုင်ငံဥပဒေရဲ့ ဆောင်ရွက်မှု ကြားထဲ ကျရောက်သွားတာပါ။ အဲဒီအခါမှာ မြန်မာနိုင်ငံဘက်က ဝင်မစွက်ဖက်ရဘူးဆိုလို့ မရပါဘူး။ ဥပမာ အင်္ဂလန်နိုင်ငံသားတစ်ယောက်ဆိုရင်လည်း အင်္ဂလန်နိုင်ငံကပြောမှာပဲ။ ဝေဖန်ခွင့်၊ ထောက်ပြခွင့်၊ တောင်းဆိုခွင့်ရှိပါတယ်။ မဝေဖန်ရ၊ မတောင်းဆိုရ၊ မထောက်ပြရဆိုပြီးတော့ ပြောဆိုလို့ မရပါဘူး”ဟု သူမက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ ပြောသည်။

ထိုင်းနိုင်ငံခြားဝန်ကြီးက ထိုင်းတရားရုံးစီရင်ချက်အပေါ် မြန်မာနိုင်ငံအနှံ့ဆန္ဒပြနေမှုများကို မြန်မာအစိုးရအနေဖြင့် တားဆီးထိန်းသိမ်းပေးရန် တောင်းဆိုမှုအပေါ်တွင်လည်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အောက်ပါအတိုင်း တုန့်ပြန်လိုက်သည်။

“အဲဒီလိုတောင်းဆိုနေရင် ပြောင်းပြန်ပြောရလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံမှာ လွတ်လပ်စွာတင်ပြခွင့်၊ ထုတ်ဖေါ်ခွင့်တွေ ရှိပါတယ်။ ကိုယ့်နိုင်ငံရဲ့အတိုင်းအတာမှာ ဥပဒေဘောင်ထဲက ကိုယ်တို့တွေရဲ့ ဆန္ဒကို ဖေါ်ထုတ်ပြသနေတာကို သူတို့နိုင်ငံကနေပြီးတော့၊ မတင်ပြနဲ့၊ တားပေးပါဆိုပြီးတော့ ဒီနိုင်ငံရဲ့အစိုးရကို ပြောလို့ရမှာလား။ ဒါပေမယ့် နှစ်နိုင်ငံ ချစ်ကြည်ရေးအရကတော့ သံရေး တမန်ရေး ကျင့်ဝတ်ဆိုင်ရာတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောရတာဘဲရှိမှာပါ။ တားဆီးလို့ ဘယ်လိုရနိုင်ပါ့မလဲ၊ မရနိုင်ဘူး”ဟု သူမက တုန့်ပြန်ပြောဆိုလိုက်သည်။

အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရေးအတွက် ရခိုင်အမျိုးသားပါတီက ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ကို ထုတ်ပြန်ခဲ့သည်ဟုသတင်းရရှိသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...