ဆံတော်ရှင်ဘုရားပွဲ လူပေါင်း ၂ သိန်းခန့် လာရောက်ခဲ့

ဆံတော်ရှင်ဘုရားပွဲ လူပေါင်း ၂ သိန်းခန့် လာရောက်ခဲ့
by -
နိရဥ္စရာ
ယခုနှစ်ဘုရားပွဲဓာတ်ပုံ- နိရဥ္စရာ/ စံမောင်သန်း
ယခုနှစ်ဘုရားပွဲဓာတ်ပုံ- နိရဥ္စရာ/ စံမောင်သန်း
ယခုနှစ် ဆံတော်ရှင် ဘုရားပွဲတော်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရ ရက်တိုင်တိုင် ကျင်းပခဲ့ရာ ဘုရာဖူး ခရီးသည် ၂ သိန်းခန့်အထိ လာရောက်ခဲ့သည်ဟု ဂေါပကအဖွဲ့ အကျိုးဆောင် ဦးမောင်လှကျော်က ပြောသည်။

ဒီဇင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘုရားဖူးခရီးသည် ပိုများပြီး ထိုနှစ်ရက်အတွင်း တစ်နေ့ကို ၅ သောင်းနှုန်းခန့် လာရောက်ခဲ့ပြီး အလှူငွေ ကျပ်သိန်း ၂၇၀ အထိ ရရှိခဲ့သည်ဟု သူက ဆိုသည်။

“ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေထိ ဘုရားဖူးခရီးသည် ၂ သိန်းခန့်ထိ ဘုရား လာဖူးခဲ့ပြီးတော့ အလှူငွေ ကျပ်သိန်း ၂၇၀ ထိ လက်ခံရရှိပြီးပါပြီ။ အလှူခံ ဌာနအနေနဲ့ ဘုရား ရင်ပြင် ရယ်၊ ဘုရားကြီး၊ သိမ်တော်ရာ နဲ့ ခြေတော်ရာ အပါအဝင် အလှူခံဌာန ၈ ခုဖွင့်ပြီးတော့ အလှူလက်ခံနေတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငုံကျွန်းရှိ သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲတော်မှ ကောက်ခံ ရရှိသော အလှူငွေများကို ဘုရားနှင့် လိုအပ်သည်များကို ပြုပြင်မွန်းမံရာတွင် အသုံးပြုသည်ဟု သိရသည်။

ဆံတော်ရှင်ဘုရားသို့ ဘုရားဖူးလာကြသူများထဲတွင် တစ်ညအိပ် ဘုရားဖူး ခရီးသည်များ ပိုများပြီး အချို့က နေ့ချင်းပြန်နှင့် အချို့က ၂ ည-၃ ည အိပ်ပြီး လာဖူးကြသည်ဟု သိရသည်။

“ကျွန်မကတော့ ဒီဆံတော်ရှင်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း လာရောက်ဖူးမျှော်ပါတယ်။ မနှစ်ကဆိုရင် ရန်ကုန်၊ မန္တလေးက ဆွေမျိုးတွေ အပါအဝင် မိသားစုဝင် ၂၀ ခန့်ထိ စုပေါင်းပြီး လာဖူးကြပါတယ်”ဟု ဘုရားဖူးခရီးသည် တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဆံတော်ရှင်စေတီဘုရားပွဲကို အသက်အရွယ်ကြီးရင့်နေသူများပါ လာဖူးမျှော်ကြသဖြင့် လူကြီးများ အတွက် စတီးလ်ဖြင့် ပြုလုပ်သော လက်ကိုင်တန်းများကို ပြုလုပ်တပ်ဆင်သွားမည်ဟု သိရသည်။

ဆံတော်ရှင်သို့ ဘုရားဖူးခရီးသွားများ စိုးမဲကျီဆိပ်ကမ်းမှ တောင်ကို ကျော်ဖြတ်စရာ မလိုဘဲ ကားလမ်းကို အသုံးပြုပြီး သွားရောက်နိုင်ရန် မြေငုံကျွန်းအနောက်ဘက် ဂြင်းချောင်းမှ ဆံတော်ရှင် အထိ ကားလမ်းတစ်ခုကို ဖေါက်လုပ်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် ပြီးဆုံးမည်ဟု သိရသည်။

ဘုရားပွဲတော်အတွင်း ဘုရားဖူးခရီးသွားများ အလွန်များပြားပြီး အိမ်သာ မလုံလောက်မှုများ ရှိနေသဖြင့် လိုအပ်သော အိမ်သာများကို ဆောက်လုပ်နိုင်ရန် နာရေးအသင်း စစ်တွေ အတွင်းရေးမှူး ဦးထွန်းလှိုင်၊ ZIC ပုဇွန်ဒိုင်ပိုင်ရှင် ဦးဝင်းဇံနှင့် အဲယား မန္တလေးမှ ဦးသာဇံတို့က လိုအပ်သလောက် လှူဒါန်းသွားမည်ဟု သိရသည်။

ဘုရားဖူးခရီးသွားများ အဆင်ပြေချော့မွေ့စေရန် သင်္ဘောနှင့် စက်လှေများ ခေါက်တုန့် ခေါက်ပြန် ပြေးဆွဲကြသည့်အပြင် မလိခ အမြန်ယာဉ်နှင့် ရွှေပြည်တန် အမြန်ယာဉ်တို့လည်း စစ်တွေမှ စိုးမဲကျီ ဆိပ်ကမ်းသို့ ခေါက်တုန့် ခေါက်ပြန်ပြေးဆွဲပေးကြသည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...