ရခိုင့်သယံဇာတ ရခိုင်များမခံစားရသည့်အကြောင်း စာပေဟောပြောပွဲပြုလုပ်၍ စစ်တွေတွင် ရှင်းလင်း

ရခိုင့်သယံဇာတ ရခိုင်များမခံစားရသည့်အကြောင်း စာပေဟောပြောပွဲပြုလုပ်၍ စစ်တွေတွင် ရှင်းလင်း
by -
နိရဥ္စရာ
ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲတစ်ခုကို ရခိုင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ ၀င်္ကဘာကွင်းတွင် ဒီဇင်ဘာ ၂၀ ရက်နေ့ညတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်မှထွက်သော သဘာဝသယံဇာတများမှ အကျိုးအမြတ်များကို ရခိုင်ပြည်သူများ ခံစားခွင့် မရရှိသေးဆိုသည်ကို ရခိုင်ပြည်သူများအား မီးမောင်းထိုးပြရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သည်ဟု ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ထွန်းထွန်း(သယံဇာတ)က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“မဟာဓာတ်အားလိုင်းက ပေးနေတဲ့လျှပ်စစ်ဓာတ်အားတွေဟာ ရွှေဂတ်(စ်) စီမံကိန်းက ရတဲ့ ဂတ်(စ်)နဲ့ပေးနေတဲ့လျှပ်စစ်မီးလို့ ရခိုင်ပြည်သူတွေက ထင်နေကြတယ်။ အဲ့ဒီလျှပ်စစ်မီးတွေဟာ ရခိုင်ကထွက်တဲ့  ရွှေဂတ်(စ်)ကပေးနေတာ မဟုတ်ဘူးဆိုတာ ကို ပြည်သူတွေကို အသိပေးစေ ချင်တယ်။ ဘင်္ဂလားပင်လယ်အော်က ကျရောက်လာတဲ့ သဘာဝဘေးအန္တရာယ်ကို ရခိုင်ပြည်သူ တွေက နှစ်စဉ်နှစ်တိုင်း ခါးဆီးခံနေကြရပြီးတော့ ဘင်္ဂလားပင်လယ်အော်ကထွက်တဲ့ သယံဇာတ အကျိုးအမြတ်တွေကိုတော့ ရခိုင်ပြည်သူတွေ တစ်ပြားတစ်ချပ်မှ မခံစားကြရဘူး ဆိုတာကို ထင်သာမြင်သာဖြစ်အောင် ချပြစေချင်တဲ့အတွက် ဒီဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ် ”ဟု သူက ပြောသည်။

ရခိုင်ဘင်္ဂလားပင်လယ်အော် A1, A3 မှ ထွက်ရှိသည့် ဂတ်(စ်)ကို မြန်မာအစိုးရမှ တရုတ်ပြည်သို့ နှစ်ပေါင်း ၃၀ စာချုပ်ချုပ်ဆိုပြီး ရောင်းချထားကြောင်း၊ အကျိုး ရလဒ်များအနေဖြင့် တရုတ်ပြည်တွင် ရခိုင်ပြည်မှ ရရှိသော ဂတ်(စ်)ဖြင့် မီးထိန်ထိန် လင်းနေသော်လည်း ရခိုင်ပြည်သူများသည် တရုတ် ပြည်မှလာသည့် ဓာတ်မီးများကို အသုံးပြုပြီး မီးထွန်းနေကြရသည့် အဆင့်တွင်သာ ရှိသေးကြောင်း ဟောပြောပွဲ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု ထွန်းထွန်း(သယံဇာတ)က ပြောသည်။

ကိုယ့်ပြည်နယ်မှ ထွက်သည့် သယံဇာတများကို အပြည့်အဝ အသုံးချနိုင်ရန် ပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်ထိန်းချုပ်ပိုင်ခွင့် နှင့် ကိုယ်ပိုင်စီမံပိုင်ခွင့်များကို ဥပဒေဖြင့် ပြဌာန်းထားဖို့ လိုအပ်သည်ဟု သူက ဆက်လက်ပြောကြားသည်။

အဆိုပါဟောပြောပွဲတွင် စာရေးဆရာ ဝေဟင်အောင်က သယံဇာတကျိန်စာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဗျာလ္လခိုင်က သန်းခေါင်းယံကကြိုး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ ပံသုခင်(ရခိုင်ပြည်)က ကျိန်စာပြယ်ဆေး ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့သည်ဟု သိရသည်။

“သဘာဝသယံဇာတ ပေါများတဲ့ တိုင်းပြည်တွေဟာ လိုချင်သူတွေပေါများတဲ့အတွက် ကျိန်စာသင့် သလိုပဲ ကျိန်စာပြယ်ဖို့အတွက်ဆိုရင် ကိုယ့်ဆေးကိုယ် ဖော်စပ်ပြီးတော့ ရေလှည့်အမျိုးမျိုးနဲ့ သောက်သုံးရမယ်ဆိုတာကို ပြောကြားခဲ့တယ်။ ဆိုလိုတာကတော့ ကိုယ်ပြည်ကထွက်တဲ့ သယံဇာတ တွေက အကျိုးအမြတ်တွေကို ရရှိစေချင်ရင် ကိုယ်တို့ကိုယ်တိုင် နည်းလမ်းမျိုးစုံသုံးပြီးတော့ တိုက်ပွဲ ဝင်ရမယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်ပါတယ်”ဟု စာရေးဆရာမ ပံသုခင်(ရခိုင်ပြည်)က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းပြင်ဆရာမ ပံသုခင်က စစ်တွေတွင် တည်ဆောက်နေသော အိန္ဒိယ ဆိပ်ကမ်းကိုလည်း ဝေဖန် ထောက်ပြသွားပြီး မြို့လူထု ဆန္ဒသဘောထားကို မယူဘဲ စစ်တွေမြို့မှ နာမည်ကြီး ပြည်သူများ အပန်းဖြေရာ မင်းကြီးကျောက်တန်းတွင် ဆိပ်ကမ်းတည်ဆောက်သဖြင့် မြို့တော်အလှ ထိခိုက်ခဲ့ရ သည်သာမက ယခုအခါ အိမ်သာများကို တန်းစီတည်ဆောက်ထားသဖြင့် ရခိုင်လူထု တစ်ရပ်လုံးကို စော်ကားသလို ခံစားရသည်ဟု သူမက စာပေဟောပြောပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

ရခိုင်ပြည်နယ်မှ ထွက်သည့် သဘာဝသယံဇာတများမှ အကျိုးအမြတ်များကုုိ မခံစားရသည့်အပြင် ရရှိသော အကျိုးအမြတ်များကို ရခိုင်ပြည်သူများအနေဖြင့် မည်သည့်နေရာတွင် သုံးစွဲနေသည်ကိုပင် သိခွင့်မရ အမှောင်ဖုံးခံထားရသည့် အနေအထားတွင် ရှိနေသည် ဆိုသည့် အကြောင်းအရာများကို ဟောပြောခဲ့ကြသည်ဟု သိရသည်။

တက်ရောက်လာသော ပရိသတ်များက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ များကို အခြားမြို့များတွင် လည်း ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

အဆိုပါဟောပြောပွဲသို့ လူပေါင်းရာချီ တက်ရောက်နားထောင်ခဲ့ပြီး ဟောပြောပွဲကို ည ရ နာရီကျော်တွင် စတင်ပြီး ၁၀နာရီခွဲခန့်တွင် ပြီးဆုံးခဲ့သည့်ဟု သိရသည်။

ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာကွန်ရက်မှ စစ်တွေမြို့တွင် ပြုလုပ်သော ရခိုင့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စာပေဟောပြောပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ရခိုင်ပြည်နယ် ၁၇မြို့လုံးတွင် အဆိုပါ ခေါင်းစဉ်ဖြင့်  စာပေ ဟောပြော ပွဲများကို ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...