သေဆုံးသွားသူ ကလေးငယ်နှစ်ဦးမှာ ဘူးသီးတောင်မြို့၊ အမှတ်(၂)ရပ်ကွက်မှ ဖြစ်ပြီး ယင်းဖြစ်ရပ်မှာ ဒီဇင်ဘာ ၁၅ရက်နေ့၊ နံနက် (၈)နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲက အတည်ပြု ပြောကြားသည်။
ကလေးငယ်များသည် စုပုံထားသော ဓာတ်မီးတိုင်များပေါ်တွင် တက်ကကစားရာမှ မီးတိုင်များ ပြိုကျခြင်းဖြစ်ပြီး နှစ်ဦးသေဆုံး သည့်အပြင် ကျန်ဟိန္ဒူလူမျိုး ကလေးနှစ်ဦးလည်း ဒဏ်ရာရရှိသွားခဲ့ သည်ဟု ဆိုသည်။
“သူတို့က မုန့်စားပြီးတော့ ပုံထားတဲ့ဓါတ်တိုင်အောက်ခြေမှာ ကစားနေကြတယ်။ သုံးလေးယောက်က အပေါ်ကို တက်တယ်။ ပြီးတော့ တစ်ယောက်ခြေကိုတစ်ယောက်က လိုက်ဆွဲကြတယ်။ အဲဒီမှာ ဓါတ်တိုင်ရော လူရောပြိုကျလာပါတယ်။ ကလေးနှစ်ယောက်က မီးတိုင်ပိပြီး သေဆုံးသွားပါတယ်”ဟု ငိုကြွေးနေသော သေဆုံး ကလေးတစ်ဦး၏ မိခင်ဖြစ်သူဘေးတွင် ရှိနေသူ ဦးလေးတော်စပ်သူ ဦးရီတင်း(ဘ)ဦးမန်ကနက် က နိရဥ္စရာသို့ ပြောသည်။
သေဆုံးသွားသူ ကလေးငယ်များမှာ မရူးမား(ဘ) ဦးရောမားနှင့် မဆူဟရပ်(ဘ) ဦးရော်မရှာတို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူများမှာ မကီးလာတာမာနှင့် မဆူရပ်ရှပ်ဖော်တို့ ဖြစ်သည်။
၎င်းဓါတ်တိုင်များသည် လျှပ်စစ်မီးတိုးချဲ့ပေးရာတွင် စိုက်ထူရန်အတွက် စုပုံထားသည်မှာ တစ်လခန့် ရှိနေပြီးဖြစ်သည်ဟု ၎င်းရပ်ကွက်တွင်နေထိုင်သူ ဦးလုပ်ကီးဒရောက ခုလိုမျိုး ပြောသည်။
“ပြိုကျတာကို ကျွန်တော်တော့ မမြင်လိုက်ရပေမဲ့ ကစားနေတဲ့ ကလေးတွေ ဓာတ်တိုင်တွေ ပြိုကျလာပြီး သူတို့တွေ သေဆုံးသွား တာပါ။ နောက်နောင်မှာ ဒီလိုမျိုး မဖြစ်အောင် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို စနစ်တကျ သိမ်းဆည်းပေးဖို့ သက်ဆိုင်ရာကို ပြောချင်ပါတယ်”ဟု ဆိုသည်။
ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး ဘူးသီးတောင် မြို့မရဲစခန်းက လူသေမှု အမှတ် ၉/၂၀၁၅ ဖြင့် အမှုဖွင့် ထားပြီး စုံးစမ်းစစ်ဆေး မှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။
ဘူးသီးတောင်မြို့တွင် ယခုကဲ့သို့ သေဆုံးမှုမျိုးအရင်က မရှိခဲ့ကြောင်း၊ ယခုအကြိမ်သည် ပထမဆုံး ဖြစ်ကြောင်း သိရသည်။







