ကျောက်တော်မြို့နယ်တိုင်းရင်းဆေးရုံကို မူလချပေးသည့် နေရာတွင် တည်ဆောက်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို

ကျောက်တော်မြို့နယ်တိုင်းရင်းဆေးရုံကို မူလချပေးသည့် နေရာတွင် တည်ဆောက်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်၌ တည်ဆောက်ရန် ချပေးထားသည့် မြို့နယ် တိုင်းရင်းဆေးရုံ ကို ပြည်တော်သာရပ်ကွက်တွင် သွားရောက်တည်ဆောက်နေမှုအပေါ် မကျေနပ်၍ ရှမ်းရွာရပ်ကွက် ဒေသခံများက ဒီဇင်ဘာလ ရ ရက်နေ့တွင် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့် နေ့လည် ၁၂ နာရီ အချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူ  ၈ဝဝ ကျော်သည် မြို့တစ်ပတ် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“ဒီဆေးရုံက ကျွန်တော်တို့ရပ်ကွက်မှာ တည်ဆောက်ဖို့အစိုးရက ချထားပေးတာပါ။ ဒါကို ပြည်တော် သာမှာ ဘာလို့ သွားဆောက်ရတာလဲ။ ကျွန်တော်တို့ ရပ်ကွက်က မြို့ရဲ့အစွန်ဆုံး ရပ်ကွက်ဖြစ်တဲ့ အတွက် ကျန်းမာရေးအတွက် ဒီဆေးရုံကို ကျွန်တော်ရပ်ကွက်မှာပဲ ဆောက်ပေးသင့်တယ်။ ဒါကြောင့် ဒီဆေးရုံကို ကျွန်တော်တို့ ရပ်ကွက်မှာဘဲ ဆောက်ပေးဖို့ တောင်းဆို ဆန္ဒပြရတာပါ”ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် “မြို့နယ်တိုင်းရင်းဆေးရုံကို (ပထမ)အတည်ပြုထားသည့် နေရာတွင် တည်ဆောက်ပေးရန်”၊ “ဝန်ကြီးချုပ်ပြောစကား တည်ပါစေ”၊ အမှန်တရားကို လေးစား ရှမ်းရွာသား”၊ “အသားထဲက လောက်ထွက်သူ ငါရို့ရန်သူ”စသည့် စာသားများကို ကြွေးကြော်ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ် တိုင်းရင်းဆေးရုံကို ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်တွင် တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ခွင့်ပြုခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

“လက်ရှိမှာ ဒီဆေးရုံကို ပြည်တော်သာရပ်ကွက်က ကဝိရတနာဘုန်းကြီးကျောင်းနားမှာ တည်ဆောက် နေတာပါ။ ဒါဟာ ဌာနဆိုင်ရာတချို့နဲ့ ကုမ္ပဏီတို့ရဲ့ အပေးအယူကိစ္စကြောင့်လို့ထင်တယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုရာဇာမင်းအောင်က နိရဥ္စရာသို့ ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ရှမ်းရွာရပ်ကွက်သူ၊ ရပ်ကွက်သားများက ကျန်းမာရေးဝန်ကြီးထံ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကန့်ကွက်စာတစ်စောင်ပေးပို့ထားပြီးဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...