မေယူတောင်တွင် သစ်တောများပြုန်းတီးလာရာမှ ဆင်ရိုင်းအုပ်များ လူနေကျေးရွာမျာထိ ဆင်းလာပြီး စပါးခင်းများကို ဝင်စား

မေယူတောင်တွင် သစ်တောများပြုန်းတီးလာရာမှ ဆင်ရိုင်းအုပ်များ လူနေကျေးရွာမျာထိ ဆင်းလာပြီး စပါးခင်းများကို ဝင်စား
by -
နိရဥ္စရာ
မြန်မာနိုင်ငံမှ တောဆင်ရိုင်းများ အဓိက ကျက်စားရာ တောင်တန်းတစ်ခု ဖြစ်သော မေယူတောင်တွင် သစ်များကို စည်းမဲ့ကမ်းမဲ့ ခိုးထုတ်နေကြ၍ သစ်တောများ ပြုန်းတီးလာသဖြင့် တောဆင်ရိုင်းများ အစားအစာ ရှားပါးလာကာ လူနေကျေးရွာများအထိ ဆင်းလာပြီး စပါးခင်းများကို ဝင်ရောက်စားသောက်မှုများ ရှိနေကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း  (ပ) အိုးသည်မ ကျေးရွာအုပ်စုရှိ စပါး စိုက်ခင်များသို့ နိုဝင်ဘာ ၂၈ ရက်နေ့က မေယုတောင်တန်းမှ တောဆင်ရိုင်း ၁၀ ကျော် ဝင်ရောက်ပြီး စားခဲ့သဖြင့် စပါးစိုက်ခင်း ဧက အများအပြား ပျက်စီးခဲ့သည်ဟု သိရသည်။

“ဆင်တွေက အုပ်စုလိုက်လာကြတယ်။ တစ်အုပ်စုမှာ ဆယ့်ကောင်၊ ဆယ့်ငါးကောင်ကောင် အဲသလို ပါတယ်။ အားလုံး ပေါင်းလိုက်ရင် အကောင်နှစ်ဆယ်လောက်ဖြစ်သွားတယ်။ သူတို့ တစ်ည ဝင်စား သွားရင်  လယ်ဧက သုံးဆယ်လောက် ပါသွားတယ်။ သူတို့တွေက စပါးသီးနှံပေါ်ချိန်ဆိုရင် ခုလိုမျိုး မေယုတောင်တန်းကနေ လူနေ ရွာတွေထိ ဆင်းလာပြီး စပါးခင်းတွေကို ဝင်စားကြတယ်။ ဒီနှစ်တော့ အဆိုးဆုံးပါပဲ”ဟု ဖက်လိပ် ပေါက်တော ကျေးရွာနေ  ဦးမောင်သန်းလှိုင်က ပြောကြားပါသည်။

(ပ) အိုးသည်မ ကျေးရွာနှင့် ကပ်ရပ် တည်ရှိနေသာ မောင်နှမကျေးရွာနေ လယ်သမားကြီး ဦးကျော် ဇောမောင်ကလဲ “ ဒီနှစ်တော့ တော်တော်ကြီးကို အခြေအနေဆိုးပါတယ်။ တောဆင်ရိုင်းကို ကြောက်လို့ စပါးမမှည့်ရင့်သေးပေမဲ့ ခုကတည်းက ရိပ်သိမ်းနေရပြီ။ ကိုယ်ဦးရင်ဦး ကိုယ်မဦးရင် ဆင်ဦးသွားမယ်ဆိုတော့ အချိန်မတန်သေးပေမဲ့ စပါးတွေကို ရိတ်သိမ်းနေရပါတယ်”ဟု ညဉ်းညူး ပြောဆိုသည်။

ယခုကဲ့သို့ တောဆင်ရိုင်းများ၏ အန္တရာယ်ကို တစ်နှစ်ထက် တစ်နှစ် ပိုမို ကြုံတွေလာရခြင်းမှာ မေယု တောင်တန်းတွင် သစ်များကို ခိုးထုတ်နေခြင်းကြောင့် သစ်တောများ ပြုန်းတီးမှု အပါအဝင် ထင်း၊ မီးသွေး၊ အုတ်ဖုတ် ထင်းများကို အလွန်အကြူး ထုတ်လုပ်မှုကြောင်းဖြစ်သည်ဟု ပအိုးသည်မ အုပ်ချုပ်ရေးမှုး မောင်သိန်းလှိုင်က သုံးသပ်ပြောဆိုသည်။

“မေယုတောင်တန်းပေါ်တွင် သစ်ပင်၊ ဝါးပင်တွေကို အလွန်အကြူး ခုတ်ပြီး တရားမဝင် ခိုးထုတ်နေကြ တယ်။ ပြီးတော့ ထင်း၊ မီးသွေး၊ အုတ်ဖုတ် ထင်းတွေကို အကန့် အသတ်မရှိ ထုတ်လုပ်တယ်။ ဒါတွေက သစ်တော ပြုန်းတီးပြီး ဆင်တွေရဲ့စားကျက်တွေ ကျဉ်းမြောင်းလာသလို  သူတို့တွေကို လယ်ကွင်းတွေ ဆီသို့ ရောက်အောင် တွန်းပို့သလို ဖြစ်နေပါတယ်”ဟု သူက ဆိုသည်။

မေယူတောင်တန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များ အကြားတွင် တွင်ရှိသော သစ်တော ထူထပ်သော တောင်တန်းတစ်ခုဖြစ်ပြီး ဆင်းရိုင်းများ ကျက်စားကာ စစ်အစိုးလက်ထက်က ဖမ်းဆီးမိခဲ့သော  ဆင်ဖြူတော်များကိုလည်း  ဤတောင်တန်းမှ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ မေယူတောင်တန်းမှ သစ်တောများကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေကြလျင် များမကြာမီ သစ်တောများ ပြုန်းတီးပြီး ဂေဟ စနစ်ပျက်စီးသွားမည့်အပြင် ၎င်းတောင်တန်းတွင် ကျက်စားနေသော ဆင်များလည်း တဖက်နိုင်ငံ တောင်တန်းများသို့ ပြောင်းရွေ့သွား ကျက်စားသွားနိုင်ကြောင်း ဘူးသီး တောင်မြို့မှ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူ ဦးကျော်လွှင်က ပြောသည်။

စပါးသီးနှံပေါ်ချိန်တွင် မေယုတောင်တန်း များမှ တောဆင်ရိုင်း အုပ်စုလိုက် ဝင်ရောက် စားသောက် လေ့ရှိသော်လည်း  ယခုနှစ်တွင် အဆိုးရွားဆုံး ဖြစ်နေပြီး  လယ်သမားများမှ ဗြောက်အိုးများ ဖောက် ခြင်း၊ ကောက်ရိုးမီးများမီးရှို့ခြင်းကို ပြုလုပ်ပြီး ဆင်များကို ခြောက်လှန့်သော်လည်း ထွက်မပြေးသည့် အပြင် ဒေါသထွက်နေသော ဆင်များက ကျွဲနွားများကို တခါတစ်ရံတွင် သတ်ပစ်ခဲ့မှုများ ရှိနေသည်ဟု သိရသည်။ ထိုအထဲတွင် သင်းကွဲဆင်များသည် ကြောက်စရာအလွန်ကောင်းပြီး လူကိုပင် ရန်မူ တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...