သောက်ရေကန်များ ရေအရောင်ပြောင်းတာ အဆိပ်ချခြင်း ဟုတ်/မဟုတ် သက်ဆိုင်ရာမှ စစ်ဆေးပေးရန် ကျောက်တော်ဒေသခံ များလိုလား

သောက်ရေကန်များ ရေအရောင်ပြောင်းတာ အဆိပ်ချခြင်း ဟုတ်/မဟုတ် သက်ဆိုင်ရာမှ စစ်ဆေးပေးရန် ကျောက်တော်ဒေသခံ များလိုလား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျေးရွာ ၁၀ ရွာရှိ ရေကန်များ ရေအရောင် ပြောင်းလဲသွား ခြင်းမှာ အဆိပ်ချ၍ ပြောင်းခြင်းလား (သို့မဟုတ်) သဘာဝကြောင့် ပြောင်းလဲခြင်းလားဆိုသည်ကို သက်ဆိုင်ရာမှ အမြန်ဆုံး စစ်ဆေးပေးရန် ကျေးရွာသားများက လိုလားနေကြသည်။

ကျောက်တော်မြို့နယ်မှ အပေါက်ဝ၊ ဂုပ္ပီထောင့်၊ ကသစ်တော စသော ကျေးရွာများ အပါအဝင် ကျေးရွာ ၁ဝ ရွာမှ ကန်ရေများမှာ နိုဝင်ဘာလ အစောပိုင်းမှ စတင်၍ နဂိုပုံမှန်ရေအရောင်မှ နီရဲပြီး သံချေးရောင်အဖြစ် ညတွင်းချင်း ပြောင်းလဲသွား ခဲ့သည်ဟု သိရသည်။

ထိုသို့ ရေကန် အရောင်ပြောင်းလဲသွားခဲ့သဖြင့် ရေကန်များ အဆိပ်ချခံရသည်ဟုဆိုကာ ကျေးရွာသား များအကြား အုတ်အော်သောင်းနှင်း ဖြစ်ကုန်ကြသည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးစောသိန်းက ကန်ရေများ အရောင်ပြောင်းသွား ခြင်းမှာ ဟုတ်မှန်ကြောင်း ယခုအခါ စစ်ဆေးရန် ရန်ကုန်သို့ ပို့ထားကြောင်း နိရဥ္စရာသို့ ပြောဆိုသည်။

“ရန်ကုန် ကျန်းမာရေးဝန်ကြီးဌာန ပတ်ဝန်းကျင် သန့်ရှင်းရေဌာနစိတ်ကို နမူနာပို့ထားတယ်။ အဲဒါက
တစ်ခုမှ အကြောင်းမပြန်သေးဘူး။ အမြန်ဆုံး စစ်ဆေးပေးပါဆိုပြီး ရွာသားတွေက ကျွန်တော်တို့က တွန်းအားပေးနေပါတယ်”ဟု သူက ဆိုသည်။

ဂုပ္ပီထောင့်ကျေးရွာမှ ရပ်မိရပ်ဖ ဦးဖြူသာအောင်က “ပြောရမယ်ဆိုရင် သုံးစွဲနေတာ ဒီကန်ဟာ နှစ်ပေါင်း ပရိစ္ဆေဒ ကြာနေပါပြီ။  တစ်ခါမှ အခုလို မဖြစ်ဖူးဘူး။ ခေတ်အဆက်ဆက်ကလည်း ဒီကန်ကို အမှီပြုပြီးတော့ ဂုပ္ပီထောင့်တစ်ရွာလုံး သောက်သုံးကြတာပါ။ ဒီကန်ဟာ နဂိုအတိုင်းပဲ ဘယ်တုန်းအခါ မှ ရေအရောင် ပြောင်းလဲခြင်း မရှိခဲ့ဘူး။ ဒီကနေ့အချိန်မှာ ဒီကန်ဟာ တစ်ရက်တည်း၊ တစ်ညတည်း မှာပဲ အရောင်ပြောင်းသွားတာဟာ မသမာလူတစ်စုက အဆိပ်လာချတာလားလို့ သံသယ ဖြစ်မိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကို တိုင်ကြားပြီး စစ်ဆေးပေးဖို့ တောင်းဆိုထားရတာ ဖြစ်ပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါသောက်သုံးရေကန်များကို  ဒေသခံများအနေဖြင့် မသုံးစွဲ၊ မသောက်သုံးကြရန် ကျေးရွာများ အတွင်း ကြေညာ တားမြစ်ထားကြောင်း၊ ထိုသို့ တားမြစ်ထားသဖြင့် ကျေးရွာများတွင် သောက်သုံးရေများ ရှားပါးမှုများ ရှိနေကြောင်း ဂုပ္ပီထောင့်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

သောက်ရေကန်များတွင် သန္ဓေမရနိုင်သည့် အဆိပ်ဆေး တစ်မျိုးမျိုးကို မသင်္ကာဖွယ်ရာ လူတစ်စုက လာချသွားသည် ဟု ဒေသခံများအကြားတွင် သတင်းများ ပျံ့နှံ့နေပြီး ယင်းရေအရောင် ပြောင်းလဲမှု ကြောင့် ကောလဟလ သတင်းများလည်း အမျိုးမျိုး ထွက်ပေါ်နေသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...