“တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်နဲ့ ဒဏ်ရာရ ရဲဘော်တွေကို ဂုဏ်ပြုထောက်ပံ့ကူညီတာရယ်၊ ဒေသခံ ပြည်သူလူထုတွေ အနေနဲ့ အမျိုးသားရေးနိုးကြားမှုအခြေအနေ ဘယ်လိုရှိနေလဲဆိုတဲ့ အဖြေကို သိချင်တဲ့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက် ပြုလုပ်ခဲ့သူ ဦးဇော်ဝင်းက ပြောသည်။
၎င်းအခမ်းအနားသည် ပြည်သူလူထု ဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူထုက ပါတီနှင့် ပူးပေါင်း လုပ်ဆောင်မှုအပေါ် အထူးဝမ်းမြောက်မိသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အတွင်းရေးမှူးက ပြောသည်။
“ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်အနေနဲ့ NCA လက်မှတ် ရေးထိုးထားတဲ့ အတွက် ပုဒ်မ ၁၇ ပြုတ်သွားတဲ့အပေါ်မှာ ကျွန်တော်တို့ပါတီအနေနဲ့ အခုလို မျိုးပြည်သူတွေနဲ့ ထိတွေ့ဆောင်ရွက်ချင်သလို ပြည်သူလူထုကလည်း အခုလိုမျိုး ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့် ရှိနေတယ်ဆိုတာကို သိရှိရတဲ့အတွက် အထူးဝမ်းသာမိပါတယ်”ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ အတွင်းရေးမှူး ခိုင်အောင်ဇံဖြူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယခုကဲ့သို့ တိုင်းပြည်အတွက် အလုပ်လုပ်ယင်း ကျဆုံးသွားသည့် ရဲဘော်အပေါ် အသိအမှတ်ပြုသည့် ရခိုင်လူထုကို အထူးကျေးဇူးတင်ကြောင်း၊ ယင်းသို့ ပူးပေါင်းပါဝင်ခြင်းသည် ရခိုင်လူထုနှင့် ရခိုင့် တော်လှန်ရေးအဖွဲ့များ တစ်သားတည်းကျမှုကို ထင်ဟပ်စေသည့် ပထမခြေလှမ်းဖြစ်သည်ဟု သူက ပြောသည်။
ယင်းအခမ်းအနားတွင် ပြည်သူများထံမှ ဂုဏ်ပြုငွေ ကျပ်သိန်း ရ၀ ခန့်ရရှိခဲ့ပြီး၊ တိုက်ပွဲအတွင်း ကျဆုံးခဲ့သူ ခိုင်စိုးလင်း မိခင်အား သားကောင်းမိခင်အဖြစ် ဂုဏ်ပြုငွေ သိန်း ၂၀၊ ကျန်ရစ်ခဲ့သည့် အမျိုးသမီးအတွက် ၁၀ သိန်း၊ တိုက်ပွဲတွင် ဒဏ်ရာရပြီး ခြေထောက်နှစ် ဖြတ်လိုက်ရသော ရဲဘော် အတွက် သိန်း ၂၀နှင့် ကျန်သည့်ငွေကြေးများကို ရန်ကုန်မြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ခိုင်နေမင်းအတွက် အသုံးပြုသွားမည်ဟု သိရသည်။
အဆိုပါအခမ်းအနားသို့ ကျောက်တော်မြို့ပေါ် လူထုအပြင် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများမှ ကျေးရွာသား ၆ဝဝ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။







