ရခိုင်မျိုးစောင့်အုပ်စုသည် ဂျပန်နိုင်ငံတွင် အခြေစိုက်သော်လည်း ၂၀၁၄ ခုနှစ်မှစ၍ ပြည်တွင်းသို့ လုပ်ငန်းတိုးချဲ့လာပြီး ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ အခြေချနေထိုင်နိုင်ရေးနှင့် ဒေသစွန့်ခွာမှု မရှိရရေးတို့အတွက် တပိုင်တနိုင် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
၎င်းရှင်းလင်းပွဲကိုယ်တိုင် ရခိုင်ပြည်နယ်သို့ လာရောက်ပြီး ဒေသခံပြည်သူများနှင့် လုပ်ငန်းများ ဖော်ဆောင်နေသူ ဦးဘအေးက ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
“ရခိုင်လူမျိုးတွေ ရခိုင်ပြည်နယ်မှာ အခြေချနေထိုင်နိုင်ပြီးတော့ ဒေသစွန့်ခွာမှု မရှိရအောင် ရခိုင် မျိုးစောင့်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းခဲ့ပါတယ်။ ရခိုင်မျိုးစောင့်အဖွဲ့ဟာ အဲ့ဒီလုပ်ငန်း တွေကို အကောင်အထည် ဖေါ်တဲ့အခါမှာလည်း အစိုးရကိုချည်း အမှီသဟဲပြုပြီးတော့ လုပ်ဆောင် နေတဲ့ အဖွဲ့မဟုတ်ဘဲ၊ ကိုယ်ပိုင် ရပ်တည်ချက်နဲ့ ရခိုင်လူထုကို ဘယ်လိုမျိုး အထောက်အကူပြုလုပ် မလဲဆိုတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်းကို ရခိုင်မျိုးစောင့်အဖွဲ့ ဥက္ကဋ္ဌ ဦးဘအေးက ရှင်းလင်းခဲ့ပါတယ်”ဟု ရခိုင်မျိုးစောင့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်သန်းလှိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ရခိုင်မျိုးစောင့်အဖွဲ့က ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင် ရွက်နေမှုများကိုလည်း ရှင်းလင်းခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ ရခိုင်မျိုးစောင့်အဖွဲ့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သလောက် တိုးချဲ့ လုပ်ကိုင်သွားပါ့မယ်။ ရခိုင်ပြည်နယ်မှာ စီးပွားရေး ချွတ်ခြုံကျနေတဲ့အတွက် ရခိုင်လူမျိုးတွေဟာ အခြား နေရာဒေသတွေကို ပြောင်းရွှေ့နေကြရပါတယ်။ ရခိုင်တွေ ပြောင်းရွှေ့သွားတဲ့ နေရာတွေမှာ တစ်ဘက်လူတွေကလည်း အဲ့ဒီလစ်လပ်တဲ့ နေရာတွေမှာ ဝင်ရောက်လာကြပြီးတွေ ရခိုင်တွေဟာ မြေယာ ဆုံးရှုံးခဲ့ကြရပါတယ်။ ရခိုင်မျိုးစောင့်အဖွဲ့အနေနဲ့ ဒေသခံတွေ အလုပ်အကိုင်တွေ ရရှိစေဖို့ စီးပွားရေး လုပ်ငန်းတွေ ဖန်တီးသွားမယ်။ စီးပွားရေးလုပ်ငန်းတွေကို ဖန်တီးတဲ့အခါမှာလည်း စုပေါင်း စီးပွားရေး စနစ်ကို ဖန်တီးသွားပါမယ်”ဟု ဦးကျော်သန်းလှိုင်က ပြောသည်။
ရှင်းလင်းပွဲသို့ တက်ရောက်လာသူများက မကြာမီအစိုးရသစ် တက်လာလျှင် ရခိုင်မျိုးစောင့်အဖွဲ့ အနေဖြင့် လုပ်ဆောင်ချက် များ ပြောင်းလဲမှု ရှိမရှိ မေးမြန်းခဲ့သည်ဟု သိရသည်။
ယင်းမေးခွန်းနှင့် ပတ်သက်၍ ဦးဘအေးက ဖြေကြားရာတွင် အစိုးရသစ်တက်လာလျှင်လည်း လုပ်ဆောင်ချက်များပြောင်းလဲမည် မဟုတ်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲ မည်သို့ပင် ရှိစေကာမူ ရခိုင်မျိုးစောင့်အဖွဲ့၏ အန္ဓိမရည်မှန်းချက်ဖြစ်သော ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ အခြေစိုက် နေထိုင်ရေးကိုသာ လုပ်ဆောင်သွားမည်ဟု ဖြေကြားသွားသည်ဟု သိရသည်။
ရှင်းလင်းပွဲတက်ရောက်လာသူများထဲမှ နှစ်ဦးသည် ယင်းရှင်းလင်းပွဲအပြီးတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြပြီး အဖွဲ့ဝင်မဖြစ်သေးသူများကလည်း ရခိုင်မျိုးစောင့်အဖွဲ့၏ လုပ်ငန်းများကို ပံ့ပိုးကူညီသွားကြမည်ဟု ပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါရှင်းလင်းပွဲသို့ တိုကျိုအခြေစိုက် ရခိုင်အမျိုးသား ၆၀ ခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်သူ အများစုမှာ ရခိုင်မျိုးစောင့်အဖွဲ့၏ အဖွဲ့ဝင် မဟုတ်သူများဖြစ်သည်ဟု သိရသည်။
ရခိုင်မျိုးစောင့်အဖွဲ့ကို ဂျပန်နိုင်ငံတိုကျိုမြို့တွင် ၂ဝဝ၇ ခုနှစ်က ဖွဲ့စည်းပြီး၊ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဒေ သခံပြည်သူများ နေရပ်စွန့်ခွာမှုမရှိရအောင် လုပ်ငန်းစဉ်အဖြစ် မောင်တောတောင်ပိုင်း ဒေသ၌ လယ်ယာ စိုက်ပျိုးရေးကဏ္ဍများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။







