ပြည်တွင်းစစ်ရပ်စဲရေးနှင့် ရခိုင်အရေးအတွက် ဂျပန်ရောက်တိုင်းရင်းသားများ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

ပြည်တွင်းစစ်ရပ်စဲရေးနှင့် ရခိုင်အရေးအတွက် ဂျပန်ရောက်တိုင်းရင်းသားများ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ
by -
နိရဥ္စရာ
ပြည်တွင်း စစ်ရပ်စဲရေး၊ ရခိုင်ပြည်နယ်အရေး၊ ရိုဟင်ဂျာ သမိုင်းလိမ်အရေးတို့အတွက် မြန်မာတိုင်းရင်း သား ၆၀ ခန့်သည် နိုဝင်ဘာ ၂၀ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြ သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ရခိုင်အမျိုးသားအင်အားစု(ဂျပန်) ဥက္ကဌ ဦးခင်မောင်ထွန်းက နိရဥ္စရာသို့ ပြောသည်။

Arakan Japan၎င်းဆန္ဒပြပွဲကို ရခိုင်အမျိုးသားအင်အားစု(ဂျပန်)မှ ဦးဆောင်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့၊ နေ့လည် ၃ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ ပထမဆုံး အနေဖြင့် ရခိုင်သဘာဝ သယံဇာတများကို ရခိုင်ပြည်သူများ အကျိုးမခံစားရသည့်အတွက် ကမ္ဘာက သိရှိလာစေရန် ရည်ရွယ်၍ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးခင်မောင်ထွန်းက ဆိုသည်။

“ရွှေဂတ်စ်နဲ့ နေပူတောင်စီမံကိန်းတွေဟာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ ဘိုးဘွားပိုင် သံယံဇာတ တွေ ဖြစ်ပါတယ်။ မြန်မာအစိုးရ ဟာ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ သဘောထားမပါဘဲ ပြည်ပကို ဒေါ်လာ ဘီလီယံများစွာနဲ့ ရောင်းချထားပါတယ်။ ဒါပေမယ့် အဲဒီကရရှိတဲ့ အကျိုးအမြတ်တွေကိုတော့ ရခိုင် ပြည်သူတွေ လုံးဝ မခံစားရပါဘူး။ ဒါကြောင့် ရခိုင်ပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ မတရားမှုတွေကို ကမ္ဘာကသိအောင် ဆန္ဒဖော်ထုတ်ပြသတာပါ”ဟု သူက ဆိုသည်။

၎င်းအပြင် ယင်းရခိုင်သဘာ သယံဇာတ ပစ္စည်းများကို ပြည်ပကို ရောင်းချ၍ ရရှိလာသော ငွေများကိုလည်း ရခိုင်ပြည်နယ်တွင် တစ်စုံတစ်ရာ မသုံးဘဲ ပြည်မဒေသများတွင်သာ သုံးစွဲနေကြောင်း သူက ပြောဆိုသည်။

“နေပြည်တော် အပါအဝင် ပြည်မ ဒေသတွေမှာ စက်ရုံ၊ အလုပ်ရုံတွေ၊ လမ်း၊ တံတားတွေ အများကြီး တည်ဆောက်ပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်ဒေသတွေမှာ စက်ရုံ၊ အလုပ်ရုံတွေ၊ လမ်း၊ တံတားတွေ လုံးဝ တည်ဆောက်ပေးခြင်း မရှိပါဘူး။ အဲဒီ စီမံကိန်းတွေကြောင့် ရခိုင်လူထုတွေ အကျိုး တစ်စုံတစ်ရာ မခံစားရသလို ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ လယ်ယာမြေတွေ ပျက်စီးဆုံရှုံးသွားခဲ့ သလို ရေလုပ်ငန်းတွေရဲ့ ပျက်စီးဆုံးရှုံးမှု ဒဏ်တွေကိုလည်း နေ့စဉ်ရက်ဆက်ခံစားနေကြရပါတယ်။ ဒါ့ကြောင့် ရွှေဂတ်စ်နဲ့ နေပူတောင် စီမံကိန်းတွေကို ရခိုင်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုတာပါ”ဟု ၎င်းက ဆက်ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်သူ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့ဒုဥက္ကဌ ဦးမိုင်ကျော်ဦးကလည်း “ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ အစိုးရစစ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်နေမှုတွေကို ချက်ချင်း ရပ်ဖို့တောင်းဆိုပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေ စစ်မှန်တဲ့ငြိမ်းချမ်းရေးပဲ လိုချင်ပါတယ်။ အတုအယောင် ငြိမ်းချမ်းရေးကို မလိုပါဘူး”ဟု ပြောသည်။

ရခိုင်အမျိုးသားအင်အားစု(ဂျပန်) အထွေထွေအတွင်းရေးမှူး ကိုကျော်သန်းလှိုင်ကလည်း “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို မဖျက်ဆီးရေးကို ဒီနေရာကတောင်းဆိုပါတယ်။ ဒါ့အပြင် အသွင်ကူးပြောင်း ရေးကာလမှာ လူမျိုးရေး၊ ဘာသာရေးပြဿနာဖြစ်အောင် ရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာသမိုင်းလိမ်ဖန်တီး ပြီး ပြည်တွင်းမှာ လှုံ့ဆော်နေသူတွေကို အရေးယူပေးဖို့အတွက် တောင်းဆိုပါတယ်”ဟု ဆိုသည်။

ဆန္ဒပြတောင်းဆိုသူများသည် “ရွှေဂတ်စ်စီမံကိန်း- ချက်ချင်းရပ်”၊ “နေပူတောင်စီမံကိန်း – ချက်ချင်း ရပ်”၊ “ရွှေဂတ်စ်နှင့် နေပူတောင်စီမံကိန်း နောက်တက်လာမယ့် အစိုရသစ် လက်ထက် ရခိုင်ပြည်သူ တွေရဲ့ ဆန္ဒနဲ့သာ- အကောင်အထည်ဖော်”၊ “တိုင်းရင်းသား ဒေသတွေမှာ အစိုးရ စစ်တပ် ထိုးစစ်ဆင် တိုက်ခိုက်မှု- ချက်ချင်းရပ်”၊ “အသွင်ကူးပြောင်းရေးကာလ လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်ပွားစေ ရန် ရည်ရွယ်ချက်-ချက်ချင်းရပ်”၊ “ရိုဟင်ဂျာသမိုင်းလိမ်ဖန်တီးသူ- အရေးယူပေး”၊ “ဒီမိုကရေစီအရေး တော်ပုံ- အောင်ရမည်”၊ “ရခိုင့်အရေးတော်ပုံ–အောင်ရမည် ” စသည့်ကြွေးကြော်သံများကို  ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသည်။

၎င်းဆန္ဒပြပွဲသို့ ရခိုင်အမျိုသားအင်အားစု(ဂျပန်) ဥက္ကဌ ဦးခင်မောင်ထွန်း၊ ဒုဥက္ကဌ ဦးသော်ဇင်ဖြိုး၊ အထွေထွေအတွင်းရေးမှူး ကိုကျော်သန်းလှိုင်း၊ ဦးမောင်သန်းနှင့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ ဒုဥက္ကဌ ဦးမိုင်ကျော်ဦး၊ ဦးမောင်သန်းတို့အပါအဝင် ဂျပန်ရောက် ရခိုင်လူမျိုးများနှင့်တိုင်းရင်းသား ၆၀ ကျော်တို့ ပူးပေါင်းပါဝင်ခဲ့သည်။

အခမ်းအနားမှာ ညနေ ၄ နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...