စစ်တွေမြို့ နာဇီရွာ ရပ်ကွက် မီးလောင်စုအကွက်တွင် နေထိုင်သူ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ညနေ ၅ နာရီခန့်က တပ်ထွက်တစ်ဦးက မုဒိမ်းကျင့်ခံရသည်ဆိုသော သတင်းကြောင့် ထိုသို့ လူစု လူဝေးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မျက်မြင် တစ်ဦးက နိရဥ္စရာသို့ ပြောကြားသည်။
“ရဲစခန်းရှေ့မှာရော ဘေးပတ်လည်လည်မှာရော လူတွေစုဝေးနေတာကို မြင်တွေ့ရပါတယ်။ လူအင်အား ၁ဝဝ နီးပါး ဝန်းကျင် ရှိမယ်ထင်ပါတယ်။ ကြားရတာက ငါးနှစ်အရွယ် ကလေးမလေး တစ်ဦးကို တပ်ထွက်တစ်ဦးက မုဒိမ်းကျင့်တယ်ဆိုတဲ့ သတင်းကြောင့် ရဲစခန်းရှေ့မှာ စုဝေးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲစခန်းကိုတော့ တံခါး အလုံပိတ်ထားတာကို တွေ့မြင်နေရပါတယ်”ဟု သူက ဆိုသည်။
၎င်းပြင် သူက ယခင်လအတွင်းကလည်း စစ်တွေ ဓညဝတီ ရပ်ကွက်မှ ရှစ်နှစ်အရွယ် မိန်းကလေး တစ်ဦး တပ်မတော်သား တစ်ဦးမှ ဗလက္ကာရ ပြုကျင့်ခံခဲ့ရပြီး နောက်ပိုင်းတွင် ရန်ကုန် ရန်ကင်း ကလေးဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ ယင်းအမှုတွင်လည်း ထိရောက်သော အရေးယူမှု မရှိဟုဆိုကာ စစ်တွေဒေသခံများက ကျေနပ်မှု မရှိကြောင်း၊ အခုတစ်ဖန် တပ်ထွက် တစ်ဦးမှ ငါးနှစ်အရွယ် ကလေးမတစ်ဦးကို မုဒိမ်းကျင့်သည်ဟု သတင်းထွက်ပေါ်လာသဖြင့် စစ်တွေ ဒေသခံများအကြား မကျေနပ်မှုများ တိုးပွားလာရာမှ ရဲစခန်းရှေ့တွင် လူစု လူဝေး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
ယခု မုဒိမ်းကျင့်ခံရသူ မိန်းခလေးငယ်၏ ဖခင် ဦးမြင့်ထွန်းမှ ဖြစ်စဉ်ကို အတည်ပြု ပြောကြားပြီး မုဒိမ်းကျင့်သူဟု စွပ်စွဲခံရသူမှာ တပ်ထွက် ကျော်ကျော်ဦး ဆိုသူ ဖြစ်ကြောင်း၊ ကျော်ကျော်ဦးမှာ (တ/၃၈၆၀၁၉) ဖြစ်ပြီး ခမရ(၃၇၈) မြောက်ဦးတပ်မှ ၂၀၁၂ခုနှစ် ကတည်းက တပ်ပြေးဖြစ်နေပြီး လက်ရှိ စစ်တွေမြို့စက်ရုံစုရပ်ကွက်ရှိ မီးလောင်ပြင်မှာနေထိုင်သူဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ဦးအား ရဲကဖမ်းဆီးနိုင်ခဲ့ပြီး ခေါ်ဆောင်လာစဉ် မကျေနပ်သော မြို့နယ်လူထုနှင့် ရဲတို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွား မှုလည်း ရှိခဲ့သည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ မြို့မရဲစခန်းမှ ရဲအုပ်အေးခင်မောင်ကို ဆက်သွယ်မေးမြန်းရာ လူအုပ်ကို ထိန်းသိမ်းနေ ရ၍ လောလောဆယ် ဖြေကြားခြင်း မပြုနိုင်သေးကြောင်း၊ ညနေ ၅ နာရီခွဲ ခန့်တွင် စစ်တွေမြို့ မြို့မရဲစခန်းသို့ ခေါ်ယူလာပြီး စစ်ဆေးနေစဉ် ရဲစခန်းရှေ့တွင် လူများစုရုံး ရောက်ရှိလာပြီး လူစုလူဝေး အနည်းငယ် ဖြစ်ပွားခဲ့ပြီး လူစုလူဝေး မကြီးထွားရအောင် ရဲစခန်းမှ တာဝန်ရှိသူများက ဆောင်ရွက်နေရသည်ဟု သူက ဆိုသည်။
စစ်တွေအမှတ်(၁)ရဲစခန်းမှ ဖြစ်ပြီးပြီးချင်း တရားခံကိုဖမ်းဆီးနိုင်ခဲ့ပြီး ရဲစခန်းတွင် ပ-၂၃၄၊ ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ဥပဒေနှင့် အညီ စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်ဟု သိရသည်။







