အရှုံးနှင့် ရင်ဆိုင်ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်ဟု စစ်တွေမှ လွှတ်တော်ကိုယ်စားလှယ်များဆို

အရှုံးနှင့် ရင်ဆိုင်ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်ဟု စစ်တွေမှ လွှတ်တော်ကိုယ်စားလှယ်များဆို
by -
နိရဥ္စရာ
၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ရွေးကောက်ပွဲ ရလဒ် အပေါ် ကျေနပ်ကြောင်း စစ်တွေမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ကိုယ်စားပြုပြီး ဝင်ရောက် အရွေးခံပြီး ရှုံးနိမ့်ခဲ့သည့် ဒေါ်လှအေးက ရွေးကောက်ပွဲ ရလဒ်အပေါ် ကျေနပ်ကြောင်းနှင့် ရခိုင်အမျိုးသားပါတီ အနိုင်ရရှိသွား၍ ဝမ်းသာကြောင်း  နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျေနပ်မှုရှိပါတယ်။ ပြည်သူတွေက ကျွန်မတို့ ကွင်းဆင်းကတည်းက ရခိုင်ပါတီကိုဘဲ ဦးစားပေးနေ တာပါ။ ရခိုင်ဆိုရင် ရခိုင်ပဲ ဖြစ်ရမှာပေါ့။ ကျွန်မတို့သာ ရခိုင်ပါတီကို ကိုယ်စားပြုပြီး ပြိုင်မယ်ဆိုရင် မဲပုံးလျှံထွက်အောင် ပေးမယ်လို့ မဲဆန္ဒရှင်ပြည်သူတွေက ပြောပါတယ်”ဟု သူမက ဆိုသည်။

ရွေးကောက်ပွဲအတွင်း  တစ်စုံတစ်ရာ အခက်အခဲများ ကြုံတွေ့ခဲ့ရပါလားဟု မေးမြန်းရာ “သိပ်တော့ မရှိပါဘူး။ စစ်တွေမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေ သင်ပုန်းတန်းကျေးရွာ မှာတော့ မဲရုံ ပရဝုဏ် အတွင်းကို မဲရုံမှူးက ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။ ဒီလို ပြဿနာအချို့တော့ ကြုံတွေ့ခဲ့ရတာ ရှိပါတယ်”ဟု သူမက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး  စစ်တွေမြို့နယ်မှ ဝင်ရောက် အရွေးခံခဲ့သည့် ဦးသင်္ခါကျော်ကလည်း အရှုံးနှင့် ကြုံတွေ့ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုရှိကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့လည်း ကျေနပ်ပါတယ်။ ဒီလောက်မဲရတာကိုတောင် ကျေးဇူးတင်ရဦးမယ်။ အစကတည်းက စစ်တွေမြို့ပေါ်မှာ အနိုင်မရဘူးဆိုတာကို သိပြီးသားပါ။ NLD ပါတီအနေနဲ့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဝင်ရောက်အရွေးခံရမယ် ဆိုလို့သာ အရွေးခံတာပါ”ဟု ဦးသင်္ခါကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြုပြီး စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်သော ဒေါက်တာ ကျော့သာစိန်ကမူ ရွေးကောက်ပွဲရလဒ် အပေါ်တွင် ကျေနပ်မှု ရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းကို မကြည့်ဘဲ ရခိုင်ပါတီဆိုလျှင် ထောက်ခံမဲပေးသည့် အပေါ်၌ အားမလိုအားမရ ဖြစ်မိသည်ဟု ပြောဆိုသည်။

“ကျွန်မအနေနဲ့ ရခိုင်ပြည်နယ်မှာ တစ်ခါမှ ရွေးကောက်ပွဲနဲ့ မကြုံဖူးပါဘူး။ ဒီရခိုင်ပြည်နယ်မှာကတော့ ရခိုင်ပြည်သူတွေရဲ့ စိတ်ထဲမှာက အစွဲတစ်ခုတော့ ရှိနေကြတယ်။ ရခိုင်ဆိုရင် ရခိုင်သားပါတီကိုပဲ မဲပေးရမယ် ဆိုတဲ့ အစွဲ။ ဒီအစွဲဟာ ပါတီကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်အရွေးခံတဲ့သူဟာ အရည်အချင်းရှိရဲ့လား၊ မရှိဘူးလား ဆိုတာကို မကြည့်ဘဲ မဲပေးခဲ့ကြတာတွေကို တွေ့ခဲ့ရတယ်။ ဒီအပေါ်မှာတော့ အားမလို အားမရ ဖြစ်မိပါတယ်”ဟု သူမက ပြောသည်။

ဒေါက်တာ ကျော့သာစိန်သည် ရန်ကုန်၌မွေးပြီး ရန်ကုန်တွင် ကြီးပြင်းခဲ့သော်လည်း ရခိုင်ပြည်ကို ချစ်မြတ်နိုးပြီး ရခိုင်ပြည်နယ် အကျိုးကို သယ်ပိုးလိုသော ရည်ရွယ်ချက်ဖြင့် ရန်ကုန်ရှိ အိမ်နှင့်ခြံများကို ရောင်းချ၍ ရခိုင်သို့ ပြောင်းရွှေ့ အခြေချ နေထိုင်လာသူ တစ်ဦးဖြစ်သည်ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...