ခမရ ၃၅၄ တပ်ရင်းမှ တပ်သား နေဝင်းအောင်အား စစ်ခုံရုံးမှ တပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ပြီးနောက် နိုဝင်ဘာ ၁၁ ရက်နေ့၊ နေ့လည်ပိုင်းက စစ်တွေထောင်သို့ ပို့ဆောင်ပြီးနောက် ထိုသို့ တရားစွဲဆိုရန် ရဲက စီစဉ်ခဲ့ခြင်း ဖြစ်သည်။
နေဝင်းအောင်သည် စက်တင်ဘာ ၂၁ ရက်နေ့က စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် နေထိုင်သူ အသက် ၈ နှစ်အရွယ် မဌေးဌေးစံအား မုဒိမ်းကျင့်မှုဖြင့် စွပ်စွဲခံထားရသူ ဖြစ်သည်။
“သူ့ကို ရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်ထားပါတယ်။ မြို့မရဲစခန်းကပဲ ထပ်ပြီးတော့ တရားစွဲဆိုသွားပါ မယ်။ သူ့ကို တရားစွဲဆိုနိုင်တဲ့ အထောက်အထားတွေ ရဲလက်ထဲမှာ ရှိပါတယ်။ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်”ဟု ရဲအုပ်အေးခင်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
တရားစွဲရာ၌ ဥပဒေနှင့်အညီဖြစ်ရန် မြို့နယ်ဥပဒေအရာရှိထံ အကြံပြုချက် တင်ထားရပြီး အကြံတောင်းခံချက် ကျပြီးမှသာ တရားစွဲဆိုသွားမည်ဟု သိရသည်။
မုဒိမ်းကျင့်ခံရသူ မဌေးဌေးစံ အသက် ၈ နှစ်သည် ဆေးကုသမှုခံယူနေစဉ် အောက်တိုဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။







