ကြိုတင်မဲ ပေးခွင့်မရသည့် စစ်တွေအဝေးသင် တက္ကသိုလ် ကျောင်းသူ/သားများ မဲပေးနိုင်ရေး အခမဲ့ နေရပ်ရင်း ပို့ဆောင်မည်

ကြိုတင်မဲ ပေးခွင့်မရသည့် စစ်တွေအဝေးသင် တက္ကသိုလ် ကျောင်းသူ/သားများ မဲပေးနိုင်ရေး အခမဲ့ နေရပ်ရင်း ပို့ဆောင်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေအဝေးသင်တက္ကသိုလ်မှ ကြိုတင်မဲ ပေးခွင့်မရသော  ကျောင်းသူ/သားများကို မိမိနေရပ်သို့ အခမဲ့ သွားရောက်ပြီး မဲပေးနိုင်ရေးအတွက် တက်ကြွလူငယ်အဖွဲ့မှ စီစဉ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေအဝေးသင်တက္ကသိုလ်ရှိ ကျောင်းသားများအထဲမှ အမ်းမြို့နယ်မှ ကျောင်းသား ၈၇ ဦးမှအပ ကျန်မြို့နယ်များမှ ကျောင်းသားများမှာ ကြိုတင်မဲ ထည့်ခွင့် မရရှိခဲ့ကြောင်း သိရသည်။

သို့အတွက် ကျောင်းသား ကျောင်းသူများ အခမဲ့ ရေယာဉ်များ၊  မော်တော်ယာဉ် များဖြင့် မိမိဒေသသို့ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

မဲထည့်ရန် ပြန်လိုသည့် ကျောင်းသူ/သားမှာ  ၃ဝဝဝ ထိ ရှိနိုင်ကြောင်း စီစဉ်သူများထဲတွင် ပါဝင်သူ စာရေးဆရာဝေဟင်အောင်မှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"ဒီကိစ္စကို မနေ့ကပဲ အရေးပေါ် စီစဉ်လိုက်ရပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်ခွင့်ဟာ မဲပေးပိုင်ခွင့်ဖြစ်တယ်။ ဒါတွေကို မဆုံးရှုံးစေလိုတဲ့အတွက် ခုလို စီစဉ်ရတာ ဖြစ်ပါတယ်"ဟု သူက ဆိုသည်။

ယင်းအခမဲ့ ကျောင်းသားများကို ပို့ဆောင်ပေးမည့် မြို့နယ်များမှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောက်ကုတ်၊ သံတွဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့တို့ ဖြစ်ကြသည်။

နိုဝင်ဘာ ၆ရက်နေ့တွင် မြေပုံမြို့သို့ ပထမတသုတ်ကိုရွှေပြည်တန်ရေယာဉ်ဖြင့် ပို့ဆောင်လိုက်ပြီး ဖြစ်ကြောင်း ဦးဝေဟင်အောင်က ပြောသည်။

”အခုလောလောဆယ်ပို့မယ့် ကျောင်းသူ/သား ကျွန်တော်တို့ရထားတဲ့စာရင်းကတော့ ၁ဝဝဝ ကျော် နေပြီ။ လူဦးရေ သုံးထောင်အထိ ကျွန်တော်တို့ ပို့ဆောင်သွားဖို့ ခန့်မှန်းထားပါတယ်။ ဒီထက်ကျော် ချင်လည်း ကျော်မှာပေါ့”ဟု ဆိုသည်။

ယခုကဲ့သ်ို့ အခမဲ့ ပို့ဆောင်ရန် စီစဉ်ပေးခြင်းမှာ တက်ကြွလူငယ်အဖွဲ့များမှ ငွေကြေးများ အပါအဝင်  အလှူရှင်များမှ အလှူငွေများ၊ တစ်သီးပုဂ္ဂလအလှူများ၊ ပါတီအဖွဲ့ အစည်းများမှ အလှူများစုပေါင်းပြီး ယခုလို ပို့ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

"ကိုယ့်အိမ်ကိုပြန်ပြီး အခုလို မဲထည့်နိုင်ဖို့ စီစဉ်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်"ဟု မြောက်ဦးမြို့သို့ ပြန်မည့် အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုခိုင်အောင်လင်းမှ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယခု လောလောဆယ် ရေယာဉ်ပို့ဆောင်ခ သိန်းရ၀ ကျော် ရရှိထားပြီး အသွားအပြန်ဌားရမ်းခငွေ ကျပ်သိန်း ၁ဝဝ ကုန်ကျနိုင်သည်ဟု ဆရာဝေဟင်အောင်မှ ပြောသည်။

အမ်းမြို့နယ်မှ ကျောင်းသားများမှာ အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက ကြိုတင်မဲ ထည့်ရန် လျှောက်ထား၍ မဲထည့်ခွင့်ရခဲ့ဖြစ်ကြောင်း၊ အခြားကျောင်းသားများ လာလျှောက်မှုမှာ အချိန်လွန်မှ လာလျှောက်ခြင်း ဖြစ်သဖြင့် မဲများကို သက်ဆိုင်ရာ မြို့နယ်သို့ ပို့ရာတွင် အချိန်မမီမှာကို စိုးရိမ်၍ မဲထည့်ခွင့် မပြုခဲ့ခြင်းသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိမိနေရပ်ရန် မဲထည့်ရန် ပြန်လိုသူ ကျောင်းသားများအနေဖြင့် စာရေးဆရာ ဝေဟင်အောင် (ဖုန်း- 09450542986) သို့ ဆက်သွယ်နိုင် ပါသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...