သမ္မတရောက်ပြီး တစ်ရက်အကြာ မင်းပြားတွင် ရခိုင်အမျိုးသားပါတီ အင်အားပြချီတက်ပွဲ ပြုလုပ်

သမ္မတရောက်ပြီး တစ်ရက်အကြာ မင်းပြားတွင် ရခိုင်အမျိုးသားပါတီ အင်အားပြချီတက်ပွဲ ပြုလုပ်
by -
နိရဥ္စရာ
နိုင်ငံတော် သမ္မတ မင်းပြားမြို့သို့ ရောက်ရှိပြီး တစ်ရက် အကြာ နိုဝင်ဘာလ ၅ ရက်နေ့က ရခိုင်အမျိုးသားပါတီ၏ အင်အားပြပွဲနှင့် အောင်နိုင်ရေး ချီတက်ပွဲကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်းအင်အားပြ ချီတက်ပွဲသို့ မင်းပြားမြို့ပေါ်နှင့် နယ် ကျေးရွာအသီးသီးမှ လူထုပရိသတ် သောင်းချီ တက်ရောက်ခဲ့သည်ဟု သိရသည်။

“ဒီကနေ့ မင်းပြားမြို့မှာပြုလုပ်တဲ့ ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး လူထုဟောပြောပွဲကို စက်လှေ တွေ၊ ကားတွေနဲ့ မင်းပြားမြို့နယ်က လူထုတွေ သောင်းချီ တက်ရောက်အားပေးခဲ့ကြပါတယ်။ လူထု ဟောပြောပွဲမှာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ဒေါ်အေးနုစိန်တို့က ဟောပြောခဲ့ကြပါတယ်”ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းစံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ အင်အားပြ ချီတက်ပွဲကို ရခိုင့်အားမာန် ဗျာလမာန်ကို ထုတ်ဖေါ်ပြသရန် ရည်ရွယ်ပြီး ပြုလုပ်သည်ဟု သိရသည်။

ဟောပြောပွဲကို တက်ရောက်လာကြသည့်သူများကို ကုန်တင်ကားများ အပါအဝင် ကားစီးရေ  ၂၇၀ နှင့် သယ်ယူပို့ဆောင်ပေးခဲ့သလို စက်လှေအများအပြားကို အသုံးပြုပြီး သယ်ယူပို့ဆောင်ခဲ့သည်ဟု သိရသည်။

၎င်းရခိုင်အမျိုးသားပါတီကို ထောက်ခံအင်အားပြသူများဖြင့် မြို့ကိုတစ်ပတ် လှည့်လည်ချီတက်ခဲ့ ကြသည်ဟု သိရသည်။ ၎င်းနောက်ပိုင်း  ဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများက ရခိုင်အမျိုးသားပါတီကို မဲပေးမည်ဟု ကတိကဝတ်ပြုခဲ့သည်ဟု သိရသည်။

အစီအစဉ်ကို နံနက် ၁၀ နာရီတွင် စတင်ပြီး၊ ၁၂ နာရီတွင် လူထုဟောပြောပွဲ ပြုလုပ်ကာ လူထု အင်အားပြပွဲကို မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ခဲ့သည်။  လူထုအင်အားပြ ချီတက်ပွဲလုံခြံုအရေးအတွက် မင်းပြားမြို့မရဲစခန်းက လုံခြံုအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၃ ရက်နေ့က မင်းပြားမြို့သို့ ရောက်ရှိခဲ့သည်။ သမ္မတရောက်ပြီး တစ်ရက်အကြာတွင် ယခုလို ရခိုင်အမျိုးသားပါတီ၏ အင်အားပြ ချီတက်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...