နိုဝင်ဘာလ ၄ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ ဦးဥတ္တမခန်းမတွင်ပြုလုပ်သော NCA လက်မှတ်ရေးထိုးခြင်းနှင့်ပတ်၍ ရခိုင်လူထုသို့ ရှင်းလင်းပွဲတွင် ခိုင်အောင်ဇံဖြူက ထိုသို့ ရှင်းလင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ALP ပါတီအနေနဲ့ NCA မှာလက်မှတ်ရေးထိုးပေမယ့် ရွေးကောက်ပွဲဝင်မှာမဟုတ်ဘဲ တော်လှန်တဲ့ လက်နက်ကိုင်ပါတီအနေနဲ့သာ ဆက်လက်ရပ်တည်သွားမှာပါ။ ဒီလိုလက်မှတ်ရေးထိုး တာဟာ ကရင်အမျိုးသားအစည်းရုံးက လက်မှတ်ထိုးလို့ ကျွန်တော်တို့ ထိုးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဌာနချုပ်ဟာ အိန္ဒိ-မြန်မာနယ်စပ်မှာတည်ရှိပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေ ဟာလည်း အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလာနေစပ်မှာဘဲ နေရာချထားပါတယ်။ ကရင်နယ်မြေမှာတော့ တပ်ရင်းတစ်ရင်းပဲ ရှိပါတယ်”ဟု ဗိုလ်မှူးခိုင်အောင်ဇံဖြူကပြောသည်။
ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးခြင်းမှာ ရခိုင်လူထု အတွက် တစွန်းတစ လုပ်ကိုင်နိုင်မည်ဟု ယုံကြည် မျှော်လင့်၍ လက်မှတ်ရေးထိုးခြင်းသာ ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။
“နိုင်ငံရေးပါတီတွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံကို သဘောကျလို့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြတာလား။ အဲ့ဒီလို ရွေးကောက်ပွဲဝင်ခဲ့လို့လည်း တစ်ချို့အခွင့်အရေးတွေ ရရှိခဲ့ကြတယ်မဟုတ်ဘူးလား။ အခုလက်မှတ် ရေးထိုးတာလည်း ရခိုင်လူထုအတွက် တစွန်းတစ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပြီးတော့ လက်မှတ် ရေးထိုးတာပါ”ဟု ဗိုလ်မှူးအောင်ဇံဖြူက ဆိုသည်။
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒုခေါင်းဆောင်အဖြစ် ပါဝင်ဆွေးနွေး နေသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီဝင် စောမြရာဇာလင်းကလည်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းစပွင့်ရန်အတွက် လက်မှတ်ရေးထိုးခြင်းသာဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
“ကျွန်မတို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အစတုန်းက အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမယ်ဆိုပြီးတော့ သဘောထားရှိကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမယ့် အဖွဲ့နဲ့၊ တစ်ချို့တစ်ဝက်ပါရင်လည်း လက်မှတ်ထိုးမယ့်အဖွဲ့ဆိုပြီးတော့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုလက်မှတ်ထိုးလိုက်တာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းစဖွင့်ပေးတာဖြစ်ပါတယ်။ တစ်ဖွဲ့မှ လက်မှတ်မထိုးဘဲ နေလိုက်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာလည်း လမ်းစပိတ်သွားမှာဖြစ်ပါတယ်”ဟု စောမြရာဇာလင်းက ရှင်းလင်းပြောကြားခဲ့သည်။
ယခုတစ်ကြိမ် အပတ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းသည် ယခင်လက်မှတ်ရေးထိုးခြင်း တို့ထက် အဓိပ္ပာယ်ပြည့်ဝမှုရှိသည်ဟု သူမက ဆက်လက်ပြောသည်။
“ဒီတစ်ခေါက် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးတဲ့အခါမှာ ပြည်တွင်းက အသိသက်သေတွေ အပြင် နိုင်ငံတကာက အသိသက်သေတွေလည်းပါတယ်။ နောက်ကတိကဝတ် စာချုပ်ကိုလည်း နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးထားတယ်။ သူတို့ဘက်က သဘောတူကတိကဝတ်တွေ လိုက်နာမှုရှိမရှိကိုလည်း စမ်းသပ်လိုက်တာဖြစ်ပါတယ်။ ဒီလိုလက်မှတ် ရေးထိုးပြီးနောက်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ အပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်မှာလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု စောမြရာဇာလင်းက ရှင်းလင်းပြောကြားသွားသည်။
ယင်းသို့လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများတွင် အစိုးရနှင့်ပူးတွဲလုပ်ဆာင်နိုင်မည်ဖြစ်ပြီး နှစ်ဘက်သဘောတူ ကတိကဝတ်စာချုပ်တွင် ပြည်သူကို အကာအကွယ်ပေးသည့် အချက်များလည်းပါဝင်သည်ဟု ရခိုင်လူထုသို့ ရှင်းလင်းပြောကြားသွားသည်။
ရခိုင်လူထုသို့ ရှင်းလင်းပွဲကို မွန်းလွဲတစ်နာရီတွင် စတင်ပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ ရခိုင်လူထု တစ်ထောင်ကျော်တက်ရောက်နားထောင်ခဲ့ကြသည်။







