နိုင်ငံတော် သမ္မတ ရခိုင်ရှေးဟောင်းစေတီတွင် ထီးတော်တင်

နိုင်ငံတော် သမ္မတ ရခိုင်ရှေးဟောင်းစေတီတွင် ထီးတော်တင်
by -
နိရဥ္စရာ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၃ ရက်နေ့က မြောက်ဦးမြို့သို့ ရောက်ရှိလာပြီး ရှေးဟောင်း စေတီတစ်ဆူ ဖြစ်သော မဟာပညာကျော် စေတီအား ထီးတော်တင်ခဲ့သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မြောက်ဦးမြို့သို့ ရောက်ရှိလာပြီး အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ အရိယာဝံသအား ဖူးမြော် ကြည်ညို ကြခဲ့ကြပြီး ၎င်းနောက်ပိုင်းတွင်  မဟာပညာကျော်စေတီတော် ရတနာ စိန်ဖူးတော် နှင့် ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် ရေးသားဖော်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များက ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို အမွှေးနံ့သာရည်တို့ဖြင့် ပက်ဖျန်းပူဇော်ကြကာ လက်ဆင့်ကမ်းပင့်ဆောင်ကြပြီးပရိဿတ်များက စေတီတော် အထွတ်တွင် တင်လှူပူဇော်ကြသည်။

အဆိုပါ မဟာပညာကျော်စေတီတော်မှာ မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်ဘက်ကိုးတန့်စေ့ စေတီမြို့ဦးခေါင်းတောင် ၏အောက်ဘက် မဟာပညာကျော် အိမ်တော်ရာကြီးအတွင်း၌ တည်ရှိသည်ဟု သိရသည်။

မဟာပညာကျော်အမတ်ကြီးသည်မြောက်ဦးခေတ် မင်းဗာဘုရင်လက်ထက်မှ မင်းရာဇာကြီး လက်ထက်အထိ မင်းတိုင်ပင်အမတ်ကြီးအဖြစ်ထင်ရှားခဲ့ပြီး ၎င်းနေထိုင်ခဲ့သော အိမ်တော်ရာဝင်း အတွင်း၌ ကောဇာ သက္ကရာဇ်(၉၆၂)ခုနှစ်၊ အေဒီ(၁၆ဝဝ)ပြည့်နှစ်တွင် မင်းရာဇာကြီးက တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

“မနက် ၉ နာရီကျော်လောက်မှာ ထီးတော်တင်ပါတယ်။ ပီးရင် ခရိုင်ရုံးကို သွားပြီး မြို့မိ မြို့ဖတွေ၊ အစိုးရဝန်ထမ်းတွေ၊ ဒေသခံတွေနဲ့ တွေ့ပါတယ်။ အဓိကတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အဓိကထား ပြောကြားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြောဆိုတာတွေ မရှိပါဘူး”ဟု မြောက်ဦး ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလာခဲ့ကြသည်ဟု သိရသည်။

ယခု တလော ရခိုင်ပြည်နယ်မှ ရှေးဟောင်း စေတီများတွင် ကြံ့ရေး ခေါင်းဆောင်များ ထီးတော်တင်မှု များ ရှိနေပြီး အလားတူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းသည်လည်း အောက်တိုဘာ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်မှ နာမည်ကြီး ပေါက်တောမြို့နယ်မှ ဆံတော်ရှင် စေတီတော်ကို ထီးတော်တင်ခဲ့ပြီး ယင်းမတိုင်မီကလည်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာ အနီး ရှေးဟောင်း စေတီ တစ်ဆူအား ထီးတော်တင်ခဲ့သည်ဟု သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...